တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် ရုပ်ချောင်းဝကျေးရွာအနီး စစ်ကောင်စီတပ်နှင့် အေအေတို့တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k


နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရုပ်ချောင်းဝကျေးရွာအနီးတွင် ယနေ့ နံက်နက် ၁၁ နာရီခန့်က မြန်မာ့စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။
အဆိုပါပစ်ခတ်မှုသည် ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က နှစ်ဘက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် အဘောင်သားကျေးရွာအနီးရှိ ရုပ်ချောင်းဝကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ သေနတ်သံတွေကို ကြားရတယ်။ အပြန်အလှန်ပစ်ကြတာ။ ရုပ်ချောင်းဝ ဘက်မှာ နှစ်ဘက် အပြန်အလှန်ဖြစ်ကြတာ။ အဲဒါကြောင့် ဒီနေ့မနက်က စစ်တပ်ဘက်ကနေ လက်နက်ကြီးထုတာ" ဟု ပလက်ဝဒေသခံတစ်ဦးက နိရဉ္စရာသို့ပြောသည်။
ထို့အပြင် အဆိုပါရုပ်ချောင်းဝကျေးရွာ တစ်ဘက်တစ်ကမ်းရှိ မီးလက်ဝ တောင်တန်းဘက်မှလည်း စစ်တပ်က အမြှောက်နှင့် လှမ်းပစ်ခတ်မှုများ ရှိခဲ့သည်ဟု သိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ အနီးအနားရှိကျေးရွာမှ ဒေသခံတစ်ဦးက "သေနတ်ပစ်သံတွေပါ ကြားလိုက်ရတယ်။ စစ်တပ်ဘက်က လက်နက်ငယ်ရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာများတယ်။ ဒီအေအေဘက်ကတော့ အနည်းငယ်ဘဲ ပစ်သံကြားတယ်" ဟုပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် နှစ်ဘက်တပ်များအကြား ထိခိုက်ဒဏ်ရာရ၊ မရကို မသိရသေးကြောင်း၊ အရပ်သားများလည်းထိခိုက်မှု ရှိ မရှိကို အလားတူ မသိရှိရသေးကြောင်း ၎င်းက ပြောကြားသည်။
ယနေ့နံနက်က စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်ရာသို့ လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကူပေးခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုမှာ ၁၀ ကျော် အထိ ကြားခဲ့ရကြောင်းလည်း ပလက်ဝဒေသခံများကပြောသည်။
အဆိုပါလက်နက်ကြီးပစ်ခတ်သံများကြောင့် အနီးအနားရှိတောတောင်များတွင် ဟင်းရှာ ထွက်နေကြသူများမှာ ကြောက်လန့်၍ ထွက်ပြေးလာရကြောင်း ဒေသခံများကပြောသည်။
ပီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့် ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ စစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပလက်၀ အခြေစိုက် ၂၈၉ တပ်ရင်းက လက်နက်ကြီး ပစ်ကူမှုများ ပြုလုပ်ခဲ့သည်။
၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများရှိခဲ့သဖြင့် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် ကျေးရွာအနီး တပ်ချ၍ လုံခြုံရေးကို တင်းကျပ်ခဲ့မှုများ ရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအနီးတွင် တည်ရှိသည့် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ယောက်အပါအဝင် ရွာသား အများအပြား ကိုလည်း စစ်တပ်ကဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်အကြာတွင် ဆယ်အိမ်မှူး နှစ်ဦးနှင့် ရွာသားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး အပါအဝင် အနည်းဆုံး ရွာသား ၄ ဦးမှာ လက်ရှိ အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ