တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေတွင် Wifi ကြိုးတပ်ဆင်ရာမှ လူငယ် ၃ ဦးဓာတ်လိုက်၍ ၁ ဦးသေ၊ ၂ ဦးဆေးရုံရောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဥ္စရာ၊ ဇွန် ၃ဝ/၂ဝ၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Wifi ကြိုးတပ်ဆင်ရာမှ လူငယ် ၃ ဦးဓာတ်လိုက်ပြီး ၁ ဦးသေဆုံးကာ ၂ ဦးကို ဆေးရုံတင်လိုက်ရကြောင်း သိရသည်။
ဓာတ်လိုက်သေဆုံးသွားသူမှာ ကိုသိန်းထွန်းနိုင် (၃၁ နှစ်)ဖြစ်ပြီး ဆေးရုံတင်လိုက်ရသူများမှာ ကိုမောင်ဌေး (၂၂ နှစ်)နှင့် ကိုထွန်းချေ (၃၁ နှစ်)တို့ဖြစ်ကြသည်။
သူတို့ ၃ ဦးသည် ယနေ့ ဇွန်လ ၃ဝ ရက် ညနေ ၃ နာရီ မိနစ် ၂ဝ ခန့်တွင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းရှေ့လမ်းဆုံ၌ Wifi ကြိုးတပ်ဆင်ရာတွင် ဓာတ်လိုက်ခဲ့ကြခြင်းဖြစ်သည်ဟု သွားရောက်ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုဘုန်းမြတ်သာကီက နိရဥ္စရာကိုပြောသည်။
“ဓာတ်မီးတိုင်ကို wifi ကြိုးသွယ်တန်းရာကနေ ဓာတ်လိုက်ခဲ့တာဖြစ်ပါတယ်”ဟု ပြောသည်။
ဓာတ်လိုက်သည့်လူငယ် ၃ ဦးကို စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံအရောက်တွင် ကိုသိန်းထွန်းနိုင်သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။
လက်ရှိတွင် ဓာတ်လိုက်၍ ဆေးရုံတင်ထားရသူ ၂ ဦး၏အခြေအနေမှာ စိုးရိမ်စရာမရှိတော့ဟု သိရသည်။
သေဆုံးသွားသည့် ကိုသိန်းထွန်းနိုင်သည် ချင်းပြည်နယ် ပလက်ဝမြို့မှဖြစ်သည်။
ဆေးကုသမှုခံယူနေသည့် ကိုမောင်ဌေးသည် စစ်တွေရှိ ငါးစင်ရိုင်းချောင်းဘုန်းကြီးကျောင်းတွင်နေထိုင်သူဖြစ်ပြီး ကိုထွန်းချေသည် စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှဖြစ်သည်ဟု သိရသည်။
စစ်တွေတွင် ပြီးခဲ့သည့် မေလအတွင်းကလည်း ဓာတ်လိုက်၍ သေဆုံးသူ စစ်ဘေးရှောင် ၁ ဦးအပါအဝင် ၅ ဦးအထိရှိခဲ့ကြောင်း သိရသည်။ (NN-12)
ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ