တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်စွဲချက်ဖြင့် မောင်တောမှ ကျန်းမာရေးဝန်ထမ်း ၁ ဦးဖမ်းဆီးခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

နိရဥ္စရာ၊ ဇူလိုင် ၁/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးအား AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီး သွားပြီးနောက် ၁၃ ရက်ကြာသည့်တိုင် အဆက်အသွယ်မရ၍ စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံနေရသူမှာ မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင်(၃၈ နှစ်)ဖြစ်ကြောင်း သိရသည်။
သူသည် ဇွန်လ ၁၉ ရက်နေ့တွင် စစ်တွေရှိ ပြည်နယ်ကျန်းမာရေးဌာနသို့ရောက်ရှိနေစဉ် နယ်လုံက စစ်ဆေးစရာရှိသည်ဟုဆိုကာ စရဖများက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
"ပြည်နယ်မှူးခေါ်တယ်ဆိုပြီး သင်တန်းဆိုလား၊ ပြန်လည်နေရာချထားရေးပုံစံမျိုးဆိုပြီး အဲ့လို ခေါ်လို့သွားတာ။ ပြည်နယ်ရုံးရောက်တာနဲ့ ပြည်နယ်မှူးဆီကို နယ်လုံဘက်ကလာပြီး သူ့ကိုစစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားလို့ ထည့်ပေးလိုက်တာတဲ့"ဟု ပြောသည်။
မည်သည့်ကိစ္စကြောင့် စစ်ဆေးရန်ခေါ်ဆောင်သွားသည်ကိုမသိရသော်လည်း မောင်တောမြောက်ပိုင်းတွင် ဆေးစိမ်ခြင်ထောင်များကို AA အားပေးဟုစွပ်စွဲချက်ဖြင့် ခေါ်ယူစစ်ဆေးခြင်းဟုသတင်းများကြားသိရကြောင်း သူက ဆက်ပြောသည်။
"ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း သေချာမသိရဘူး။ စစ်ဆေးစရာရှိတယ်ဆိုပြီးပဲခေါ်သွားတာ။ ခြင်ထောင်ကိစ္စလို့တော့ ပြောသံကြားတယ်။ ဒါပေမယ့် ကိုယ်လည်း အဲ့မှာရှိတာမဟုတ်တော့ ပြန်ပြောပြသလောက်ပဲ သိရတယ်။ စစ်ဆေးပြီးရင် ပြန်ပို့လာမှာပါဆိုပြီး အခု ၁၃ ရက်ရှိသွားပြီ။ အခြေအနေတွေလည်း မသိရဘူး။ မေးစရာဆိုလို့ လူကြီးဆီကခေါ်သွားတာဆိုတော့ ပြည်နယ်မှူးကိုပဲမေးတယ်။ ဘာသတင်းမှလည်း မရဘူး။ သူနဲ့ဆက်သွယ်လို့လည်း မရ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပါသွားတာပါ" ဟု ပြောသည်။
ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ယခုလို မိုးရာသီတွင် နယ်ကိုဆင်းကာ ဆေးခြင်ထောင်များကို အဖွဲ့လိုက် လိုက်ဖြန့်ဝေပေးခြင်းမှာ ပုံမှန်လုပ်ရပ်တစ်ခုသာ ဖြစ်ပြီး AA ကိုပေးသည်ဟုဆိုသည်မှာ မဖြစ်နိုင်ဟု အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာကို ပြောသည်။
"ဆေးခြင်ထောင်တွေ ရွာတွေကို လိုက်ဝေပေးတယ်။ လိုက်ဖြန့်ပေးရတယ်။ ရွာဘက်တွေကိုတော့ အဖွဲ့လိုက်သွားရတာတွေရှိတယ်။ ဒါက ပုံမှန်ပါပဲ" ဟု ပြောသည်။
လက်ရှိ ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိရသည်။(NN-7)

ဆက်စပ် သတင်းများ