တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၍ တပ်ဖွဲ့ဝင်အချို့ ကျဆုံးဟု AA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.6k

နိရဥ္စရာ၊ ဇူလိုင် ၄ / ၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်၍ တပ်ဖွဲ့ဝင်အချို့ ကျဆုံးသွားသည်ဟု AA က ယနေ့ညနေတွင် ထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မြန်မာ-ထိုင်း နယ်စပ်ရှိ AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က လေကြောင်းမှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသည်ဟု AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ- ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ(၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အလားတူ ယင်းစခန်းအတွင်းရှိ ဆေးရုံဆေးခန်း၊ စက်ခြုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်(၂)စီးသည် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ AA တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ် သတင်းများ