တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

AAကို အခွန်ကောက်ခံပေးသည့်စွဲချက်ဖြင့် တရားစွဲခံထားရသည့်ကျောက်ဖြူမြို့ခံ ၂ ဦး၏ရုံးချိန်းကိုထပ်မံရွှေ့ဆိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

နိရဥ္စရာ၊ ဇူလိုင် ၇/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)အတွက် အခွန်ကောက်ခံပေးသည့်စွပ်စွဲချက်ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးကို ယနေ့ရုံးချိန်းတွင် စစ်တပ်ပိုင်းဆိုင်ရာလူကြီးလမ်းကြောင်းရှိသည်ဟုဆိုကာ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
တရားစွဲခံထားရသူ ၂ ဦးမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁ နှစ်)နှင့် ဒေါ်ခင်အုန်းနွဲ့(၅၆ နှစ်) တို့ဖြစ်ကြသည်။
သူတို့ကို ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးချိန်းထား၍ မိသားစုဝင်များက ရုံးချိန်းသို့သွားရောက်ခဲ့သော်လည်း စစ်တပ်ပိုင်းဆိုင်ရာလူကြီးခရီစဉ်ရှိ၍ ရုံးမထုတ်ဖြစ်ကြောင်း ဖမ်းဆီးခံထားရသူ ဒေါ်ခင်အုန်းနွဲ့၏သမီး မမြနှင်းနွဲ့အောင်က နိရဥ္စရာကို ပြောသည်။
"လူကြီးရောက်မယ်လို့ သိတော့သိတယ်။ ဒါပေမယ့် ရှေးတစ်ခေါက်က လူကြီးရောက်လည်း ရုံးထုတ်တော့ ဒီနေ့ ထုတ်မလားမသိဘူးဆိုပြီး ဒီနေ့ ၁၀ နာရီခွဲလောက်ကသွားတယ်။ ရုံးမထုတ်ဘူး။ ရုံးကလူတွေမေးကြည့်တော့ လူကြီးခရီးစဉ်ရှိလို့ ရုံးမထုတ်ဘူးလို့ ပြောတယ်"ဟု ပြောသည်။
ယခုကဲ့သို့ စစ်ဆေးမှုမရှိဘဲ ရုံးချိန်းများရွှေ့ဆိုင်းနေခြင်းကြောင့် ကြန့်ကြာမှုများရှိနေပြီး မဖြစ်သင့်သည့်လုပ်ရပ်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
"အထဲကလူနဲ့က ရုံးထုတ်မှတွေ့ခွင့်ရတာ။ ရုံးမထုတ်တော့ ကျန်းမာရေးအခြေနေလေးတွေလည်း သိချင်တယ်။ သိခွင့်မရဘူး။ နစ်နာမှုတွေရှိပါတယ်။ အချိန်လည်း ကြန့်ကြာသွားတယ်။ ရှေ့က နှစ်ပတ်လည်း စောင့်ပြီးပြီ။ မိသားစုအနေနဲ့က နှစ်ပတ်နေမှတစ်ခါတွေ့ခွင့်ရတာပါ"ဟု ပြောသည်။
ဇွန်လ ၂၃ ရက်က ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးချိန်းခဲ့သော်လည်း တရားရုံးက တစ်စုံတစ်ရာ စစ်ဆေးမှုမရှိဘဲ ဇူလိုင်လ ၇ ရက်နေ့သို့ ထပ်မံရုံးချိန်းခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
ဒေါ်ခင်အုန်းနွဲ့နှင့် ဦးသန်းလှိုင်တို့ ၂ ဦးကို ပြီးခဲ့သည့်မေလ ၂၆ ရက် ညနေ ၄ နာရီကျော်ခန့်က ကျောက်ဖြူမြို့ရှိ ရွှေဥထမင်းဆိုင်အနီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။
ယင်းနောက် သူတို့ ၂ ဦးသည် AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရပြီး ကျောက်ဖြူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်ဟု သိရသည်။
၄င်းတို့အနက် ဒေါ်ခင်အုန်းနွဲ့သည် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူဖြစ်ပြီး နေအိမ်တွင် အမြဲမပြတ်ဆေးသောက်နေရသူဖြစ်၍ ချုပ်နှောင်ခံထားရချိန် တစ်ခုခုဖြစ်သွားမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
အလားတူ ဒေါ်ခင်အုန်းနွဲ့နှင့်အတူတရားစွဲခံနေရသည့် ဦးသန်းလှိုင်သည် သားသမီး ၂ ဦးကို ဆိုင်ကယ်ဘေးတွဲမောင်းနှင်ကာ ရှာကျွေးနေသူဖြစ်ပြီး မည်သည့်အခွန်မှကောက်ခံခြင်းမရှိ၍ အမြန်ဆုံးလွှတ်ပေးစေလိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ချိုချိုသိန်းက နိရဥ္စရာကို ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ