တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA စခန်းဗုံးကြဲတိုက်ခိုက်ခံရမှု နိုင်ငံတကာရောက် ရခိုင်အဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ ဇူလိုင် ၉/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)တပ်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုကို နိုင်ငံတကာရောက် ရခိုင်အဖွဲ့အစည်းများက ကြေညာချက်အသီးသီးထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချလိုက်ကြသည်။
ကန့်ကွက်ရှုတ်ချလိုက်သည့် နိုင်ငံတကာရောက်အဖွဲ့အစည်းများမှာ ရက္ခိုင့်အမျိုးသားကွန်ရက် (နယူးဇီလန်)၊ အာရက္ခအမျိုးသားကွန်ရက် (ဘင်္ဂလားဒေ့ရှ်)၊ အာရက္ခအမျိုးသားကွန်ရက် (သြစတြေးလျ)၊ ရက္ခိုင်အစည်းအရုံး(ဂျပန်)နှင့် ဥရောပရောက် အာရက္ခပြည်သူများတို့ဖြစ်သည်။
ရက္ခိုင့်တပ်တော်(AA)တပ်စခန်းဗုံးကြဲတိုက်ခိုက်ခံခဲ့၍ ကျဆုံးသွားသည့် ရဲဘော် ၆ ဦးနှင့်ပတ်သက်ပြီး ထိုအဖွဲ့အစည်းတို့က ဇူလိုင်လ ၅ ရက်မှ ၇ ရက်အတွင်း ဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့ကာ ယခုကဲ့သို့ ကန့်ကွက် ရှုတ်ချလိုက်ခြင်းဖြစ်သည်။
ကျဆုံးသွားသည့် ရဲဘော်များ၏ မိသားစုများအပါအဝင် AA မှ ရဲဘော်ရဲဘက်များနှင့်အတူ ဝမ်းနည်းကြေကွဲရသည်ဟုလည်း သဝဏ်လွှာများတွင် ဆိုထားသည်။
ကျဆုံးသွားသည့် ရဲဘော် ၆ ဦးသည် ဇူလိုင်လ ၄ ရက်၊ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မြန်မာ-ထိုင်း နယ်စပ်အနီး၊ ကရင်ပြည်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း ကျဆုံးသွားခဲ့ရခြင်းဖြစ်သည်။
ကျဆုံးခဲ့ရသူ ၆ ဦးမှာ ရသေ့တောင်မြို့နယ်မှ တပ်သား ကျော်ဦးလှိုင် (၃၁) နှစ်နှင့် တပ်သား နေဇော်ဦး(၂၉)နှစ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တပ်သား ကျော်ဆန်းဌေး(၂၆) နှစ်၊ ပလက်ဝမြို့နယ်မှ တပ်သားထွန်းထွန်းလင်း (၂၄) နှစ်၊ ကျောက်တော်မြို့နယ်မှ တပ်သားဘိုသန်းကျော်(၂၀)နှစ်၊ မြေပုံမြို့နယ်မှ တပ်သားဇာနည်ဝင်း(၂၀) နှစ်တို့ဖြစ်ကြသည်။
၎င်းစစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတို့အကြား နားလည်မှုဖြင့် အပစ်အခတ် ရပ်စဲထားချိန်တွင် ဖြစ်ပွားခဲ့သဖြင့် မြန်မာစစ်ကောင်စီ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားမှုအပေါ် စောဒကတက် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
AA ပြောခွင့်ရသူ ဦးခိုင်သုခက တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဂျက်တိုက် လေယာဉ် (၂) စီးဖြင့် လေကြောင်းကနေ အေအေစခန်းကို ဗုံးကြဲ တိုက်ခိုက်ခြင်းသည်တမင်တကာရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီး လက်တုံ့ပြန်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ