တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဗိုလ်မှူးကြီး ဘုန်းမြတ် (၁) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ ဇူလိုင် ၁၆/ ၂၀၂၂
ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျရောက်မည့် ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်မှူးကြီး ဘုန်းမြတ် ကွယ်လွန်ခြင်း အောက်မေ့ဖွယ် (၁) နှစ်ပြည့်နေ့ အခမ်းအနားတစ်ရပ်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား(ဖလောင်းချိတ်) မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးနီမင်းက “ ကျွန်တော်တို့ လေးစားရတဲ့ ဗိုလ်မှူးကြီးတစ်ယောက်ဖြစ်တယ်။ AASYC ကျောင်းသား ဘဝကတည်းက တော်လှန်ရေးလုပ်လာခဲ့သူလည်းဖြစ်တယ်။ နောက် ရက္ခိုင့်တပ်တော် ပေါ်လာတဲ့ အချိန်မှာလည်း အစကတည်းက ပါဝင်လာပြီး တိုက်ပွဲတွေမှာလည်း သူဦးဆောင်ပြီး အောင်ပွဲတွေရခဲ့တယ်။ နောက်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တစိုက်မတ်မတ်လုပ်ခဲ့တာကို ဂုဏ်ပြုတဲ့အတွက် ဒီလိုစီစဉ်ရတာဖြစ်တယ်” ဟု ပြောသည်။
အခမ်းအနားတွင် ဗိုလ်မှူးကြီးဘုန်းမြတ်အားရည်စူးပြီး သံဃာတော် များကိုလည်း ဆွမ်းနှင့်သင်္ကန်းပရိက္ခရာများ ဆပ်ကပ်လှူဒါန်းရန် စီစဉ်ထားကြောင်းလည်း ဦးနီမင်းကပြောသည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ရခိုင်ပြည်၊ ကျောက်တော်ဇာတိဖြစ်ပြီး ရခိုင်ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး(AASYC) (ဘင်္ဂလာ) တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ရက္ခိုင့်တပ်တော် ပေါ်ပေါက်လာချိန်တွင် တပ်တော်ထဲသို့ ဝင်ရောက်၍ တပ်တော်အတွက် တိုက်ပွဲပေါင်းများစွာကို ရွပ်ရွပ်ချွန်ချွန် ဦးဆောင်တိုက်ပွဲဝင်ခဲ့သူဟု သိရသည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ရက္ခိုင့်တပ်တော်၏ ရခိုင်ပြည် ဗွေဆော်ဦးတိုက်ပွဲကို စတင် ဖော်ဆောင်နိုင်ခဲ့ပြီး တိုက်ပွဲပေါင်း များစွာကို ရဲရင့်မှုအပြည့်နှင့် ဦးဆောင်တိုက်ပွဲဝင်နိုင်ခဲ့သည့်အပြင် တိုက်ပွဲပေါင်းများစွာကိုလည်း အောင်ပွဲများ ရရှိခဲ့သည့် တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိပြည့် တပ်မှုကောင်း လက်ရုံးကောင်းတစ်ဆူဖြစ်ကြောင်း ရက္ခိုင့်တပ်တော်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြ ထားသည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်သည် ရက္ခိုင့်တပ်တော်(AA)အထဲမှ ကိုဗစ်ကူးစက်ခံရပြီးနောက် ကွယ်လွန်သွားခဲ့သည့် အဆင့်မြင့်ဆုံး အရာရှိတစ်ဦးလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ ရခိုင်ပြည်တစ်နေရာတွင် ဘဝတပါး ပြောင်းသွားခဲ့ပြီး ဗိုလ်မှူးကြီးဘုန်းမြတ် ကွယ်လွန်ချိန်တွင် အသက် ၄၀ ခန့်ရှိကာ ဇနီးနှင့်အတူ သားတစ်ဦးနှင့်သမီးတစ်ဦး ကျန်ရှိခဲ့ကြောင်း သိရှိရသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

ဆက်စပ် သတင်းများ