တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

AA ဗိုလ်မှူးကြီးဘုန်းမြတ်(၁)နှစ်ပြည့်အခမ်းအနားနှင့် များမကြာမီကကျဆုံး သွားခဲ့သည့် AA ရဲဘော်(၆)ဦးအတွက် ကော့စ်ဘဇားတွင်အလှူဒါနပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၂
ရက္ခိုင့်တပ်တော်မှ ကွယ်လွယ်သွားပြီးဖြစ်သည့် ဗိုလ်မှူးကြီး ဘုန်းမြတ် (၁)နှစ် ပြည့် အောက်မေ့ဖွယ် အခမ်း အနားနှင့် များမကြာမီက ထိုင်း-မြန်မာ နယ်စပ်တွင် ကျဆုံးသွားခဲ့ကြသည့် AA တပ်သား (၆) ဦးတို့ကို ရည်စူးပြီး အလှူဒါန ပြုလုပ်သည့် အခမ်းအနားတစ်ခုကို ဘင်္ဂလာဒေ့ချ်နိုင်ငံ ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မြို့တွင် ကျင်းပခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ဗိုလ်မှူးကြီးဘုန်းမြတ် နှစ်ပတ်လည်နေ့ဖြစ်သည့် ဇူလိုင်လ (၁၇) ရက်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံ ဖလောင်းချိတ်မြို့ မြစ်နားကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်ကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ အတူရှိနေတယ်ဆိုတာနဲ့ ကျဆုံး သွားတဲ့ ရဲဘော်တွေကို သတိရ အောက်မေ့တဲ့ အနေနဲ့ လုပ်တာဖြစ်ပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေးကို အားလုံး စည်းစည်းလုံးလုံးနဲ့ ဆက်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ” ဟု အခမ်းအနား စီစဉ်သူများအထဲက တစ်ဦးဖြစ်သူ ကို လှထွန်းစိန်က ပြောသည်။
အခမ်းအနားကို အာရက္ခနိုင်ငံတော်သီချင်းဖြင့် နေ့လယ် ၁၂ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ရက္ခိုင့်တပ်တော် (AA) မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးကျော်ဟန်မှ ၎င်းအခမ်းအနားသို့ ပေးပို့သည့် အသံဖိုင် မိန်းခွန်းကိုလည်း တက်ရောက်လာသူများအား ဖွင့်လှစ် ပြသခဲ့သည်။ ၎င်းနောက် အခမ်းအနားတွင် တက်ရောက်လာသူများမှ ဗိုလ်မှူးကြီး ဘုန်းမြတ်နှင့် ပတ်သတ်သည့် အောက်မေ့ဖွယ်စကားများ၊ လက်ရှိ ရခိုင် နိုင်ငံရေး အခြေအနေများကိုပြောကြားခဲ့ကြသည်။
အခမ်းအနားတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား ဗိုလ်မှူးကြီး ဘုန်းမြတ်နှင့် ထိုင်း-မြန်မာနယ်စပ်တွင် များမကြာမီက ကျဆုံးရဲဘော် ၆ ဦးအား ရည်စူးပြီး ဆွမ်း၊ သင်္ကန်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို တက်ရောက် လာသည့် ရာနှင့်ချီ ရှိသည့် ပရိတ်သတ်များ ကိုလည်း နေ့လည်စာကျွေးမွေးခဲ့သည်။
အသက် (၄၀) ခန့်ရှိသည့် ဗိုလ်မှူးကြီးဘုန်းမြတ်မှာ ကိုဗစ် ကူးစက်ခံရပြီး ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က ရခိုင်ပြည်တနေရာတွင် ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခြင်းဖြစ်သည်။
ဗိုလ်မှူးကြီး ဘုန်းမြတ်မှာ ရက္ခိုင့်တပ်တော် စတင်ကတည်းက ပါဝင်လာသူ ဖြစ်ပြီး ရခိုင်ပြည်တွင် ဗွေဆော်ဦး တိုက်ပွဲများကို အနိုင်တိုက်နိုင်ခဲ့သည့် စွမ်းရည်ပြည့်ဝပြီး ခေါင်းဆောင်မှု ပေးနိုင်သူအဖြစ်လည်း အသိမှတ်ပြု ခံထားရသူဖြစ်သည်။
အလားတူ ဇူလိုင်လ (၄) ရက်နေ့က ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် KNLA တပ်မဟာ (၅) နယ်မြေ အတွင်းရှိ ရက္ခိုင့်တပ်တော် စခန်းတစ်ခုကို စစ်ကောင်စီ တပ်က ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် တပ်သား ဦးလှိုင်၊ တပ်သား နေဇော်ဦး၊ တပ်သား ကျော်ဆန်းဌေး၊ တပ်သား ထွန်းထွန်းလင်းနှင့် တပ်သား ဇာနည်ဝင်းတို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။
အခမ်းအနားကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ငါးပါးသီလခံယူခြင်းနှင့် ရေစက်ချအမျှပေးဝေခြင်း ပြုလုပ်ပြီး နေ့လည် ၂ နာရီကျော်တွင် အဆုံးသတ်ခဲ့သည်။ (NN-14)

ဆက်စပ် သတင်းများ