တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရသေ့တောင်မြို့ပြင်ရှိ AAထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ နှစ်ဖက်စစ်ရေးတင်းမာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပြင်ရှိ ရက္ခိုင့်တပ်တော်( AA) ထိန်းချုပ် ထားသည့် နယ်မြေအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ဝင်ရောက်လာ၍ နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေကြောင်း ဒေသခံများက ပြောသည်။
ရသေ့တောင်မြို့ အပြင်ဘက်ရှိ ပြားချောင်းကြီးရွာကို ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်သားနှင့် ရဲတပ်ဖွဲ့ အင်အား ၆၀ ဝန်းကျင်လောက် ဝင်ရောက်လာခဲ့ပြီး ၎င်းနောက် အဆိုပါ စစ်ကြောင်းသည် င/တောက်တူချေ စစ်ရှောင်စခန်းအနီးကိုပါ လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်ဟု သိရသည်။
ယခင်က ရသေ့တောင်မြို့ပေါ် အခြေစိုက်တပ်ရင်းများသည် မြို့၏ပြင်ဘက်သို့ သွားလာမှုမရှိဘဲ ယနေ့တွင် မြို့ပြင်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသဖြင့် နှစ်ဘက်တပ်များ အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြပြီး စစ်ရေး တင်းမာမှုရှိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
" မနက်က ရွာထဲကိုလက်နက်တွေကိုင်ပြီး စစ်သားတွေဝင်လာတယ်။ တိုက်ပွဲတော့မဖြစ်ခဲ့ဘူး။ ရွာထဲကို ဝင်မွှေတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းကို ဝင်သွားကြတယ်"ဟု ပြားချောင်းကြီးဒေသခံတစ်ဦးက ပြောသည်။
လက်ရှိမှာ ပြားချောင်းကြီးကျေးရွာနှင့် အနီးတဝိုက် ရွာများမှဒေသခံများ အနေဖြင့်လည်း ဖမ်းဆီးစစ်ဆေးမှုများနှင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်၍ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။
"ရွာသားတွေလည်း မရှိကြတော့ဘူး။ အကုန်အပြင်မှာရောက်နေပြီ။ အခု ရွာအခြေအနေတွေကို မသိရသေးဘူး။ စစ်တပ်ဘက်က ထပ်တိုးရင်တော့ တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိတယ်"ဟု ပြောသည်။
လက်ရှိတွင် စစ်သားအင်အား ၃၀ ခန့်သည် ပြားချောင်းကြီးရွာတွင် တပ်ချ ကျန်နေခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် ယနေ့နံနက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းနှင့် မြဝတီရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ အပြန်အလှန် ပစ်ခတ်သံကိုကြားခဲ့ရပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိ ရခိုင်ကမြို့နယ်တချို့တွင်လည်း စစ်ကောင်စီတပ်က အေအေ တိုက်နယ်မှူးအပါအဝင် ဆက်စပ်သူများကို ဆက်တိုက်စုံစမ်းရှာဖွေပြီး ဖမ်းဆီးတရားစွဲဆိုမှုများ ရှိနေသလို အေအေကလည်း စစ်ဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများကို ဖမ်းဆီးမှုများရှိနေပြီး မနေ့က ဆိုလျှင်လည်း ပုဏ္ဏားကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူးကို အေအေက ဖမ်းဆီးသွားခဲ့သည်။ (NN-7)

ဆက်စပ် သတင်းများ