တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပလက်ဝက်မြို့နယ်တွင် AAနှင့် စစ်ကောင်စီတပ်တို့ မိနစ်အနည်းကြာတိုက်ပွဲဖြစ်ပွားခဲ့ဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ ဇူလိုင် ၂၄/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြားမိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါတိုက်ပွဲမှာ ပလက်ဝမြို့ အနောက်ဘက် အဘောင်သား ကျေးရွာဘက်ကို သွားသည့် လမ်းတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ပလက်ဝမြို့ခံ တစ်ယောက်က ပြောသည်။
“ ပလက်ဝနဲ့ သိပ်မဝေးပါဘူး။ ၁၀ နာရီလောက်က ဖြစ်တာပါ။ သေနတ်သံတွေ တောင်ကြားရတယ်။ လက်နက်ငယ်သံတွေလေ။ ပလက်ဝကနေ အဘောင်သားရွာဘက်ကို သွားတဲ့လမ်းမှာဖြစ်တာပါ” ဟုဆိုသည်။
ယခုတိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာသည် မေလနှင့် ဇွန်လ အတွင်းက အေအေနှင့် မြန်မာစစ်တပ်တို့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည့် အဘောင်သားရွာအနီးတွင်ဟု နောက်ထပ်ပလက်ဝမြို့ခံတစ်ဦးကလည်း ပြောဆိုသည်။
“အပြန်အလှန်ပစ်ခတ်သံ အနည်းအကျဉ်းလောက်တော့ ဒီကနေကြား ရပါတယ်။ ဒီနေ့ ဇူလိုင်လ ၂၄ ရက် နံနက် ၁ဝ နာရီကျော်က တိုက်ပွဲက သေနတ်သံတွေကို ကြားရပါတယ်။ သေနတ်သံက ဟိုတစ်ခါဖြစ်ခဲ့တဲ့ အဘောင်သားရွာဘက်ကကြားရတာလေ”ဟု ပြောသည်။
တိုက်ပွဲထဲက သေနတ်သံများ စဲသွာပြီးနောက် နံနက် ၁၁ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်သံ ၃ ချက် ပလက်ဝမြို့ပေါ်မှကြားလိုက်ရပြီး မည့်သည့်နေရာသို့ပစ်ခတ်သည်ကို မသိရကြောင်း ၎င်းကပြောသည်။
လက်ရှိအချိန်မှာ ပလက်ဝမြို့ထဲတွင် တည်ငြိမ်နေပြီး ပုံမှန်အနေအထားမှာ ရှိသည်ဟု အဆိုပါမြို့ခံကပြောသည်။
တိုက်ပွဲဖြစ်ပွားချိန်မှာ မိနစ်ပိုင်းသာကြာမြင့်ပြီး ယခုအခါ ရပ်တန့် သွားပြီးဖြစ်ကြောင်းလည်း နောက်ထပ် မြို့ခံတစ်ဦးက ယခုကဲ့သို့ပြောသည်။
“ အခုတော့ ပြီးသွားပါပြီ။ ဖြစ်တာက ၂၅ မိနစ်လောက်ဘဲကြာတယ်။ အရှေ့ဘက်က လက်နက်ကြီး ပစ်သံ ၃ချိန်းတော့ ကြားလိုက်ရတယ်” ဟု ဆိုသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာနှင့် ရုပ်ချောင်းဝ ကျေးရွာကြားတွင် မေလ ၂၆ ရက် နံနက်ပိုင်းကလည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဘက်က အကျအဆုံးများရှိခဲ့သည်ဟု အနီးအနားရှိဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ