တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ကျောက်တော် မဟာမုနိဘုရားရှေ့ ဒေသခံ ၃ ဦးကို AA သံသယဖြင့် စစ်တပ်က ဖမ်းဆီးပြီးနောက် အခြေအနေ တင်းမာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ သြဂုတ် ၁ /၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ သမိုင်းဝင် အထင်ကရ မဟာမုနိဘုရားတွင်တပ်စွဲထားသည့်စစ်တပ်က ဒေသခံ ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)သံသယဖြင့် ဖမ်းဆီးသွားပြီးနောက် အခြေအနေမှာ တင်းမာနေသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့နယ် သရက်တပင်ရွာသား ဦးမောင်စောသာနှင့် နောက်ထပ် ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။
သူတို့ကို မဟာမုနိဘုရားမြောက်ဘက်မုခ်ဝအနီး ဒေါ်စိန်ထမင်းဆိုင်ရှေ့တွင် ယနေ့ သြဂုတ်လ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တစ်ဦးက နိရဥ္စရာကို ပြောသည်။
မျက်မြင်ဒေသခံတစ်ဦးက "သူတို့က ထမင်းဆိုင်မှာ ထမင်းလာစားတုန်း ဘုရားမှာနေတဲ့တပ်က သူတို့ကိုမေးမြန်းစစ်ဆေးတယ်။ နောက်ပြီး ဖုန်းတွေကို စစ်ပါတယ်။ ဖုန်းတွေကို စစ်ပြီးဖမ်းသွားတာကိုတော့ ကျနော်တို့ မြင်လိုက်ပါတယ်"ဟု ပြောသည်။
ဖမ်းဆီးခံလိုက်ရသူများ၏ အမည်နှင့် နေရပ်လိပ်စာတို့ကို နိရဥ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ကျောက်တော်ရှိ စကခ(၉)ဟုခေါ်သည့် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ ကားဖြင့်ယူဆောင်သွားသည်ကိုတွေ့လိုက်ရကြောင်း ဘုရားရှေ့ စျေးဆိုင်ရောင်းချသူတစ်ဦးက ပြောသည်။
လက်ရှိ မဟာမုနိဘုရားရှေ့တွင် လမ်းသွားလမ်းလာအရပ်သားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေးများရှိနေ၍ ဖုန်းဆက်ခြင်းများ မပြုလုပ်ရဲဘဲ စက်ပိတ်ထားရသလို စစ်ကားများလည်း ထပ်တိုးရောက်ရှိနေကြသည့်အတွက် နှစ်ဘက်စစ်ရေးအခြေအနေ တင်းမာနေကြောင်း ဘုရားအနီးနေထိုင်သူတစ်ဦးက ပြောသည်။
"ဘုရားအနီးအနားမှာ ဖုန်းတွေပြောလို့မရဘူး။ အဲ့နားမှာ အခြေအနေမကောင်းဖြစ်နေတယ်။ ဖုန်းတွေတောင် စက်ပိတ်ထားရပါတယ်။ ကားလမ်းကတော့ ပိတ်မထားပါဘူး။ စစ်ဆေးမှုက တအားများနေတယ် အခု" ဟု ပြောသည်။
သို့သော် ဘုရားအနီးရှိစျေးဆိုင်များကို ပိတ်ထားခြင်းမရှိကြသေးဘဲ အခြေအနေကိုစောင့်ကြည့်နေကြသည်ဟု ဆိုသည်။
ယခုကိစ္စကြောင့် ဘုရားအနီးရှိ သရက်တပင်ရွာမှ စာသင်ကျောင်းများကို စော၍လွှတ်လိုက်ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မူလတန်းကျောင်းတစ်ကျောင်းတွင် ဆရာမရောက်မလာသည့်အတွက် စော၍ လွှတ်လိုက်ခြင်းသာဖြစ်ပြီး ကျန်သောကျောင်းများမှာ ပုံမှန်အနေအထားသာရှိသေးသည်ဟု ရွာသားတစ်ဦးက ပြောသည်။
ဇူလိုင်လ ၂၆ ရက်ကပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရက္ခိုင့်တပ်တော်(AA)က မောင်တောမြို့နယ်တွင် မပြုလုပ်သင့်သည့် ရန်စမှုကို ပြုလုပ်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူကိုငဲ့ညှာပြီး သည်းခံခဲ့သော်လည်း AA ထိပ်ပိုင်းခေါင်းဆောင်များက တပ်မတော်ကို ထိကပါးရိကပါး ရန်စမှုများရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။
ရခိုင်မှ မြို့နယ်အများအပြားတွင် စစ်ကောင်စီတပ်က ULA/AA တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးမှုများနှင့် အားပေးထောက်ခံခြင်းများ မပြုလုပ်ကြရန် ခေါ်ယူသတိပေးခြင်းများရှိနေပြီး AA ဘက်ကလည်း စစ်ကောင်စီအရာရှိအချို့ကို ဖမ်းဆီးခြင်းများရှိနေကာ နှစ်ဘက်စစ်ရေးတင်းမာလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ