တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ယခင်စစ်ပွဲကာလက တစ်ရွာလုံးနီးပါးမီးရှို့ခံခဲ့ရသည့် ကျောက်တော် တောင်ပေါက်နှင့်ဘုရားပေါင်းကျေးရွာသို့ စစ်ကြောင်းဝင်လာ၍ ရွာသားများ ကြောက်လန့်ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

နိရဉ္စရာ၊ သြဂုတ် ၉/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယခင် စစ်ပွဲကာလက တစ်ရွာလုံးနီးပါးမီးရှို့ခံခဲ့ရသည့် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာတို့ကို အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာ၍ ရွာသားများကြောက်လန့် ထွက်ပြေးနေရကြောင်း သိရသည်။
အဆိုပါ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၉ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်ပေါက်ကျေးရွာအနီး လက်ဆောင်ကောက်မူဆလင်ကျေးရွာထဲမှတဆင့် တောင်ပေါက်ကျေးရွာသို့ ခြေလျင်ဝင်ရောက်လာပြီး တောင်ပေါက်ကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာသားအချို့ကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်ပေါက်ကျေးရွာသားတစ်ဦးက "ဖမ်းတာတွေတော့ မရှိဘူး။ မေးတာမြန်းတာတော့ရှိတယ်။ ပြန်လွှတ်လိုက်ပြီ အခုတော့။ သူတို့က အုပ်ချုပ်ရေးမှူးကို လာစစ်တာ။ မိန်းမတွေကိုလည်း အုပ်ချုပ်ရေးမှူးအိမ် ဘာအိမ်လဲဆိုပြီး မေးတာတွေရှိတယ်။ သူတို့ဝင်လာကတည်းကနေ ရွာကလူတွေ အားလုံးကကြောက်ပြီး ရှောင်ပြေးသွားကြပြီ" ဟု ပြောသည်။
အဆိုပါစစ်ကြောင်းသည် တောင်ပေါက်ကျေးရွာမှ AA နှင့် ဆက်စပ်သူတစ်ဦး၏အကြောင်းနှင့် တောင်ပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမောင်သာ၏နေအိမ်ကိုလည်း လာရောက်စစ်ဆေးမှုများရှိခဲ့သည်ဟု သိရသည်။
အုပ်ချုပ်ရေးမှူးမှာ နေအိမ်တွင်မရှိ၍ ထိပ်တိုက်မတွေ့ခဲ့ဘဲ မိသားစုများကိုသာ အုပ်ချုပ်ရေးမှူးအကြောင်းများအား မေးမြန်းခဲ့ကြောင်း ကျေးရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် တောင်ပေါက်ကျေးရွာအနိီးရှိ ဘုရားပေါင်းကျေးရွာသို့ နေ့လယ် ၁ နာရီကျော်တွင် ထွက်ခွာသွားကြပြီဖြစ်ကြောင်း တောင်ပေါက်ကျေးရွာသားတစ်ဦးက ပြောသည်။
"ကျနော်တို့လည်း ကြောက်ပြီးပြေးလာခဲ့ရတယ်။ အခုတော့ ဘုရားပေါင်းရွာဘက်ကို သွားနေကြတယ်။ ဘုရားပေါင်းမှာလည်း ယောင်္ကျားတွေမရှိတော့ဘူး။ ရှောင်ကုန်ကြပြီ" ဟုပြောသည်။
လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာနေကာ ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်အနှံ့ရှိ AA နှင့်ဆက်စပ်သူများကို စစ်ကောင်စီဘက်က လိုက်လံရှာဖွေကာ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၃ ရက် ညနေက မိုင်းပေါက်ကွဲမှုများဖြစ်ခဲ့ပြီးနောက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ယင်းနေ့ ည ၇ နာရီခန့်တွင် ကျေးရွာနှစ်ရွာရှိ နေအိမ်များ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။
မီးရှို့ခံရမှုကြောင့် ဘုရားပေါင်းကျေးရွာမှ နေအိမ်အလုံး ၁၁ဝ နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ ဆောင်၊ စုစုပေါင်း နေအိမ်အလုံး ၁၈၄ လုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ကျေးရွာသားနှစ်ဦးလည်း သေဆုံးမှုရှိခဲ့သလို ကျေးရွာသားများက မြန်မာ့စစ်တပ်စစ်ကြောင်းတစ်ခုက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယင်းအချိန်က တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့က ၎င်းတို့၏လက်ချက်မဟုတ်ဟု ငြင်းဆိုခဲ့သည်။ (NN-8)

ဆက်စပ် သတင်းများ