တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အမ်းမြို့နယ် ထမ်းချောင်းရွာသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဥ္စရာ၊ သြဂုတ် ၉ /၂ဝ၂၂
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဒေသခံ ၁ ဦးကို စစ်တပ်က ယနေ့နံနက်၌ ဖမ်းဆီးသွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ အမ်းမြို့နယ်၊ ထမ်းချောင်းကျေးရွာမှ ဦးမောင်တင်အုန်း (ခေါ်) ဦးဥသြ (၅၅ နှစ်)ဖြစ်သည်။
သူ့ကို ယနေ့ သြဂုတ်လ ၉ ရက် နံနက် ၁ဝ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ဦးခန့်က ကား ၂ စီးဖြင့် နေအိမ်သို့လာရောက်ကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ကျေးရွာရာအိမ်မှူး ဦးသိန်းနိုင်က နိရဥ္စရာကို ပြောသည်။
“သူက မူဆလင်တွေကို အမ်းမြို့နယ် ညောင်ချောင်းဘက်ကနေ ထမ်းချောင်းကိုသယ်လာတယ်လို့ သတင်းရလို့ စစ်ဆေးဖို့ခေါ်တယ်လို့ စစ်သားတွေက ပြောတယ်။ ကျနော်ကတော့ သူက မူဆလင်တွေနဲ့ပတ်သက်မှုမရှိဘူး။ ကျနော်အာမခံပါတယ်။ ထားခဲ့ပါဆိုတာတောင် မရလိုက်ဘူး။ ခေါ်သွားပါတယ်”ဟု ပြောသည်။
လက်ရှိတွင် သူ့ကို မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကိုမသိရဘဲ သူ့အတွက် စိုးရိမ်နေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“ဘယ်ကိုခေါ်သွားတယ်မပြောခဲ့ဘူး။ တစ်ရက်၊ နှစ်ရက်ကြာမယ်လို့ ပြောသွားတယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသူသည် အဆိုပါကျေးရွာတွင် မိသားစုနှင့်အတူ တောင်ယာစိုက်ခင်း လုပ်ကိုင်သူဖြစ်သည်ဟုလည်း ရွာသားများက ပြောသည်။
ထမ်းချောင်းကျေးရွာသည် အမ်းမြို့၏ တောင်ဘက် ၈ မိုင်အကွာ တောင်ကုတ်-မအီကားလမ်းအနီးတွင် တည်ရှိသည့် တောင်ပေါ်ဒေသဖြစ်သည်ဟု သိရသည်။
အိမ်ခြေ ၁ဝဝ ခန့်ရှိပြီး ရွာသားများသည် ဥယျာဉ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ကြသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ