တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရခိုင်နှင့် ပလက်ဝတွင် စစ်တပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲတောက်လျှောက်ဖြစ်နေဟု AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

နိရဉ္စရာ၊ သြဂုတ် ၁၁/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲတောက်လျှောက်ဖြစ် နေသည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"အခုလည်း မောင်တောမြောက်ပိုင်းနဲ့ ပလက်ဝဘက်မှာ တိုက်ပွဲတွေဆက်ပြီး တောက်လျှောက်ဖြစ်လို့ရှိပါတယ်။ ဒီနေ့လည်း ဖြစ်လို့ရှိချင်ရှိနိုင်ပါတယ်။ လောလောဆယ်တော့ တိုက်ပွဲလေးတွေ တောက်လျှောက်ဖြစ်လို့ရှိနေပါတယ်"ဟု ပြောသည်။
စစ်ရေးတင်းမာပြီး ဖြတ်တောက်ပိတ်ဆို့သည့်အတွက် ဆုတ်ခွာသွားရသည့်စစ်ကောင်စီတပ်စခန်းများရှိပြီး မောင်တောဘက်တွင် စစ်ကောင်စီဘက်ကဆုတ်ခွာသွားတဲ့စခန်းက ၇ ခုအထိရှိကြောင်း ဦးခိုင်သုခက ပြောသည်။
"စစ်ရေးတင်းမာပြီး တစ်ဖက်နဲ့တစ်ဖက်ဖြတ်တောက်ပိတ်ဆို့တဲ့အချိန်မှာ အခက်အခဲတွေကြောင့် ဆုတ်ခွာသွားတဲ့စခန်းတွေတော့ ရှိပါတယ်။ ဆိုတော့ တိုက်ခိုက်သိမ်းပိုက်တဲ့ပုံစံတော့ မဟုတ်ဘူး။အထူးသဖြင့် မောင်တောဘက်မှာ စစ်ကောင်စီဘက်ကဆုတ်ခွာသွားတဲ့စခန်းက ၇ ခုလောက်အထိရှိပါတယ်"ဟု ပြောသည်။
ယခုကဲ့သို့ထိတွေ့တိုက်ပွဲနှင့်တင်းမာမှုများရှိလာခြင်းမှာ မြန်မာစစ်တပ်က ရခိုင်ပြည်သူလူထုကိုဖိနှိပ်နေသည့်ကိစ္စများကို ရက္ခိုင့်တပ်တော်အနေနှင့် လုံးဝလက်မခံနိုင်သည့်အတွက် တင်းမာမှုမြင့်တက်လာပြီးတစ်ဘက်နှင့်တစ်ဘက်လက်နက်ဖြင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခြေအနေကို ရောက်လာရခြင်းဖြစ်ကြောင်း ပြောသည်။
"ရခိုင်ပြည်မှာ အခုလိုထိတွေ့မှု၊ တင်းမာမှုတွေရှိနေတာကလည်း ရခိုင်ပြည်သူလူထုကိုဖမ်းဆီးတဲ့ကိစ္စတွေ၊လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုပိတ်ဆို့ထားတဲ့ကိစ္စတွေ၊ ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့လူထုအခြေခံစားသောက်ကုန်တွေကို စစ်ဖြစ်နေတဲ့ဒေသတစ်ခုနဲ့မခြား ကျနော်တို့ပြည်သူဘူထုကို မြန်မာစစ်တပ်ကဖိနှိပ်နေတဲ့အတွက်ကြောင့် ရက္ခိုင့်တပ်တော်ကနေပြီး ဒီကိစ္စတွေကိုလုံးဝလက်မခံနိုင်ပါဘူး။ ဒါကြောင့် ဒီတင်းမာမှုတွေမြင့်တက်လာတော့တစ်ဘက်နဲ့တစ်ဘက် လက်နက်နဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့အခြေအနေကို အခုလိုရောက်လာရတာ ဖြစ်တယ်"ဟု ပြောသည်။
လက်ရှိ ရခိုင်မှာ မောင်တောမြောက်ပိုင်းနှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ ၂ ရက်နေ့မှစကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ