တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တောမြို့နယ်တွင် သေနတ်ပစ်ခံရ၍ လူနှစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၂
မောင်တောမြို့နယ်တောင်ပိုင်း၊ ဂြင်းချောင်းရွာတွင် ညဉ့်အချိန် သေပစ်ခတ်ခံရသဖြင့် သရေကုန်ဘောင်ကျေးရွာမှ လာရောက်အလုပ် လုပ်နေသူ ရခိုင်လူမျိုး ၂ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ ယနေ့နံနက် အစောကြီး ညဉ့်အချိန် ၁၂ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သရေကုန်ဘောင်ကျေးရွာသား ၂ ဦးဖြစ်သည့် မြတ်ခိုင်ကျော်(၂၂နှစ်) နှင့် ကြက်ခြံစောင့် ကိုဌေးလင်း (၃၅နှစ်) တို့ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သရေကုန်ဘောင် ကျေးရွာသားများက ပြောသည်။
ယမန်နေ့ညက တဲထဲကို အမည်မသိ လက်နက်ကိုင်တစ်စုက ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၂ ဦးသေဆုံးကာ နောက်ထပ် ၃ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သရေကုန်ဘောင်ရွာသူတစ်ဦးက ပြောသည်။
" သူတို့ ဂဏန်းသွားရှာတဲ့ ချောင်းအနီးကတဲထဲမှာဘဲ ပစ်သွားတာတဲ့။ ၅ ယောက်မှာ ၂ ယောက် သေတယ်။ မိသားစုတွေသွားကြည့်တာတောင် ကြည့်ခွင့်မရဘူး ပြောတယ်" ဟု ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာအနီးဝန်းကျင်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ မွေးမြူရေးကြက်ခံရှိပြီး သေဆုံးသူ ကိုဌေးလင်းမှာ ကြက်ခြံစောင့် အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ကိုမြတ်ခိုင်ကျော်မှာ ကဏန်းလာရှာရင်း အဆိုပါ တဲတွင် ညအိပ်နေကျဖြစ်ကြောင်း နောက်ထပ်သရေကုန်ဘောင် ရွာသားတစ်ဦးက ပြောသည်။
"အဲ့ဒီတဲမှာ ၅ ယောက်အိပ်တာတဲ့ ဝင်ပစ်တော့ ၃ ယောက်က ထွက်ပြေးလို့ လွတ်သွားတယ်။ အဲ့ဒီနားမှာက ALP ကြက်ခြံလည်းရှိတယ်။ နယ်ခြားစောင့် စခန်းလည်းရှိတယ်။ ဒီတော့ ဘယ်လိုတွေ ဖြစ်တာလဲ။အတိအကျတော့ မသိရသေးဘူး"ဟု ပြောသည်။
လက်ရှိတွင် သေဆုံးသူရုပ်အလောင်းများကို မောင်တောဆေးရုံတွင် စစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ဆေးမှုပြုလုပ်ပြီးနောက် အလောင်းကိုပြန်ယူကာ သရေကုန်ဘောင်ကျေးရွာ နာရေးပြုလုပ်ရန် မိသားစုကတောင်းဆိုထားကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို အသေးစိတ် မသိရသေးသော်လည်း အဖွဲ့အစည်းတစ်ခုခုက ရခိုင်လက်နက်ကိုင်အဖွဲ့များအကြား နားလည်မှု လွှဲမှားအောင် ပြုလုပ်ပုံရသည်ဟု အများကပြောဆိုနေကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။(NN-7)
ဓာတ်ပုံကို မောင်တောမြို့နယ်ကရုဏာကွန်ရက်(လူမှုကူညီရေးအသင်း)မှ ကူးယူ ဖော်ပြပါသည်။

ဆက်စပ် သတင်းများ