တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

(၅၅) နှစ်မြောက်ဩဂုတ် ၁၃ ဆန်ပြဿနာနေ့တွင် ရခိုင်က နေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဉ္စရာ၊ ဩဂုတ် ၁၃/ ၂၀၂၂
ယနေ့ ဩဂုတ် ၁၃ ရက်နေ့တွင် ကျရောက်သည့် (၅၅) နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့တွင် ရက္ခိုင့်တပ်တော် ( AA)နှင့် စစ်ကောင်စီတပ်တို့ အကြား အနည်းဆုံးနေရာ ၃ ခုတွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများမှာ ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလိန် ကျေးရွာ အနီးတွင် တစ်နေရာ၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန်းတူ အနီးတွင် တစ်နေရာ၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။
ယနေ့ သြဂုတ်လ ၁၃ ရက်နေ့ နံနက်တွင် ရသေ့တောင်မြို့နယ်တောင်ပိုင်း ချိန်ခါလိန်ကျေးရွာ အနီး မေယုတောင်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် မောင်တောတောင်ပိုင်း ကျောက်ပန်းတူအနီးတွင် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"အခု တိုက်ပွဲပြန်စနေတယ်။ ကျောက်ပန်းတူနဲ့ ဂြင်းတောကြားလို့ ခန့်မှန်း ရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ စုံနေပါတယ်"ဟု ပြောသည်။
ယင်းအပြင် မောင်တောမြောက်ပိုင်း ယခင်တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဝေလာတောင်အနီးမှလည်း နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်မှစကာ ၂ ဘက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း တမန်းသားဒေသခံတစ်ဦးက ပြောသည်။
"AA နဲ့ စစ်တပ်ဖြစ်နေတာလို့သိရတယ်။ ၁၂ နာရီ ၄၅ လောက်က စကြား နေရတာ ပစ်သံခတ်သံတွေ။ ရွာသားတွေကတော့ သတိထား စောင့်ကြည့် နေကြပါတယ်" ဟု ပြောသည်။
အဆိုပါတိုက်ပွဲများကြောင့် မောင်တော-အငူမော်ကားလမ်းကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။
ယနေ့ နံနက် ၈ နာရီခန့်တွင်လည်း ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလိန် ကျေးရွာအကြား မေယု တောင်တန်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး အပါအဝင် အနည်းဆုံး ၅ ဦးခန့် ကို အေအေကဖမ်းဆီးရမိသည်ဟု သတင်းရရှိကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ချိန်ခါလိန်ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ခန့်သည် အနီးအနားရှိ ကိုးတန်ကောက်ကျေးရွာနှင့် မေယုတောင် အရှေ့ဘက်တွင် တည်ရှိသည့် သံချောင်းကျေးရွာနှင့် ကြံတိုင်းအောင်ကျေးရွာ အစရှိသည့် ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု ကျေးရွာသားများက ပြောသည်။
ယနေ့ တစ်ရက်တည်းတွင် စစ်ကောင်စီနှင့် အေအေတို့ နေရာ ၃ နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုသြဂုတ်လ ၂ ရက်နေ့မှ စကာ မောင်တောမြောက်ပိုင်း နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားကာ ရခိုင်စစ်ရေး အချိန်မြင့်လာသည့် အနေအထားဖြစ်သည်။ (NN-7)

ဆက်စပ် သတင်းများ