စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ရခိုင်နှင့် ပလက်ဝတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများသည် ယခုထက် ကြီးမားပြင်းထန်ကာ နေရာအနှံ့ ဖြစ်ပွားလာနိုင်ဟု ULA/AA သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ စက်တင်ဘာ ၁၉/၂၀၂၂


ရခိုင်နှင့် ပလက်ဝတွင် စစ်ရေးတင်းမာမှုနှင့် တိုက်ပွဲများသည် ယခုထက် ကြီးမားပြင်းထန်ကာ နေရာအနှံ့ ဖြစ်ပွားလာနိုင်သည်ဟု ULA ပြောခွင့်ရသူ ဦးခိုင်သုခက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁ဝ နာရီတွင် အွန်လိုင်းမှတဆင့်ပြုလုပ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ ပဉ္စမအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ယခုကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်။

စစ်တပ်သည် ရခိုင်ပြည်နယ်အနှံ့နှင့် ပလက်ဝဒေသတို့တွင် သူတို့၏တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယဉ်းမီးကျောက်၊ ရိက္ခာများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ်များအပြင် အရပ်ဘက်သုံး အမြန်ရေယာဉ်၊ ကား၊ မော်တော်ဘုတ်များကိုသုံးကာ စစ်အင်အားများ ဖြည့်တင်းလျက်ရှိနေသည့်အတွက် နှစ်ဘက် စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုများသည် ယခုထက် ပြင်းထန်လာနိုင်ပြီး နောက်ထပ်တိုက်ပွဲများလည်း နေရာအနှံ့ကြီးကြီးမားမားဖြစ်ပေါ်လာနိုင်သည်ဟု ပြောသည်။ အာရက္ခပြည်သူများသည်လည်း အထူးသတိထားသွားလာကြရန်လည်း ဦးခိုင်သုခက တိုက်တွန်းသည်။

 စစ်ရေးအခြေအနေအရ စစ်တပ်များသွားလာနေသည့် လမ်းကြောင်းများရှိ ရေယာဉ်များ၊ ကားများနှင့် မော်တော်ဘုတ်များကို ULA က စစ်ဆေးသွားမည်ဟု ဦးခိုင်သုခက ပြောသည်။

အလားတူ စစ်တပ်သည် ရသေ့တောင်၊ မောင်တော၊ ပလက်ဝဒေသများရှိ ရပ်ရွာများကို စစ်ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုများနှင့် တိုက်ပွဲနှင့် မသက်ဆိုင်သည့်ဒေသများသို့ စစ်တပ်အထိုင်စခန်းများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆက်မပြတ် ရမ်းသန်းတိုက်ခိုက်နေပြီး  လက်နက်မဲ့အရပ်သားပြည်သူများကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ