စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်မှ အရာရှိနှင့်တပ်သားများ AA ထံအလင်းဝင်ပူးပေါင်းမှုရာချီရှိနေ၊ ထပ်မံလာရောက်ပူးပေါင်းရန်ဆက်သွယ်မှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.9k

နိရဉ္စရာ၊ စက်တင်ဘာ ၁/၂၀၂၂

စစ်ကောင်စီတပ်မှ အရာရှိနှင့် တပ်သားများ ရက္ခိုင့်တပ်တော် (AA) ထံအလင်းဝင်ပူးပေါင်းမှု ရာချီရှိနေကြောင်း အေအေပြောခွင့်ရ ဦးခိုင်သုခက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာစစ်တပ်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်နေသည့် ပလက်ဝမြို့နယ်တွင်  မြန်မာစစ်တပ် စစ်ကြောင်းများမှ လက်နက်များနှင့်ပူးပေါင်းလာသည့် အရာရှိနှင့် စစ်သည် (၁၀) ယောက်ထက် မနည်းရှိပြီးတခြားမြို့နယ်များတွင်လည်း ပူးပေါင်းလာမှုများရှိကာ အရေအတွက်အားဖြင့် ရာချီရှိကြောင်း ဦးခိုင်သုခက ပြောသည်။

"ပလက်ဝမြို့နယ်ထဲက မြန်မာစစ်တပ်စစ်ကြောင်းတွေက လက်နက်တွေနဲ့ပူးပေါင်းလာတဲ့ အရာရှိတွေ၊ စစ်သည်တွေ ၁၀ ယောက်ထက်မနည်းရှိပါတယ်။ နောက် တခြားမြို့နယ်ထဲက လက်နက်ကိုင်အဖွဲ့ထဲက လက်နက်ယူပြီး ကျနော်တို့ဆီမှာ ပူးပေါင်းတာရှိပါတယ်။ ဒါက တိုက်ပွဲမဖြစ်ခင်ကနေလည်းရှိပါတယ်။ တိုက်ပွဲကာလမှာလည်း ဆက်ပြီးရှိပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ ပိုများလာပါတယ်။ နောက်ပြီး လာဖို့ရှိတဲ့သူတွေလည်း ကျနော်တို့ဆီ ဆက်သွယ်လာတာရှိပါတယ်။ အရေအတွက်အားဖြင့်က ပြောရမယ်ဆို ရာဂဏန်းလောက်ရှိပါတယ်"ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ အလင်းဝင်ပူးပေါင်းမှု ပိုများလာပြီး ထပ်မံလာရောက် ပူးပေါင်းရန်ဆက်သွယ်မှုများလည်း ရှိနေကြောင်း ဦးခိုင်သုခက ပြောသည်။

"မြန်မာစစ်တပ်ဘက်က စစ်အင်အားကို အလုံအလောက်မပို့ပေးနိုင်တဲ့အတွက် သူတို့တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ပျက်ပြားနေကြပါတယ်။ နောက်ပြီး အများကြီးလည်း ထွက်ပြေးနေကြပါတယ်။ နောက်ထပ်လည်း ထွက်ပြေးလက်နက်ချဖို့အတွက်လည်း ကျနော်တို့ဆီ ဆက်သွယ်နေတာလည်း ရှိပါတယ်။ ဒီအတွက်လည်း ဆက်လက်လို့အဆင်ပြေအောင်ဆောင်ရွက်ဖို့ရှိပါတယ်။ တပ်က ထွက်လာမယ့် အာဏာရှင်အတွက် အသက်မစွန့်ပဲ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာမယ့်သူတွေကိုလည်း နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီး  ကောင်းကောင်းမွန်မွန် လက်ခံပြီး စီစဉ်ပေးသွားဖို့ရှိပါတယ်" ဟု ပြောဆိုသည်။

လက်ရှိမှာ မြန်မာစစ်တပ် နှင့် အေအေတို့ အကြား မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများရက်ဆက်ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများသလို အေအေဘက်ကလည်းထိခိုက်ကျဆုံးမှုများလည်း ရှိကြောင်း ဦးခိုင်သုခက ပြောသည်။ (NN-7)

ဆက်စပ် သတင်းများ