တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ ရခိုင်ပြည်သူများအတွက် တစ်စုံတစ်ရာအထောက်အပံ့ မဖြစ်နိုင်ဟု သတင်းစာရှင်းလင်းပွဲတွင် ULA/ AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၇ / ၂၀၂၃

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်သူတို့အတွက် တစ်စုံတစ်ရာ အထောက်အပံ့ မဖြစ်နိုင်ကြောင်း ULA/AA က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
"ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေ အတွက်အစုံတရာ ပြောင်းလွဲမှု အထောက်အပံ့မဖြစ်တဲ့အတွက် ထောက်ခံ ကန့်ကွက်တာနဲ့ ပတ်သတ်လို့ ပြောစရာမရှိပါ။ ပြည်သူတွေရဲ့ဆန္ဒအရသာဖြစ်ပြီး ပြည်သူတွေ ထောက်ခံရင်ဖြစ်မယ် မထောက် ခံရင်မဖြစ်ဘူးပါဘူး"ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်သည့် ULA/AA ၏ ၇ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ၏သဘောထားအား သတင်းထောက်က မေးမြန်းရာ  ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်
၄င်းက ဆက်လက်ပြီး " ဒီရွေးကောက်ပွဲက ရခိုင်ပြည်သူတွေအရေးတွေကို မဖြေရှင်းနိုင်တဲ့အတွက် ဒီလို လက်နက်ကိုင် တော်လှန်ရေးလုပ်နေတာဖြစ်ပါတယ်"ဟုလည်း ဖြေကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူ့သဘောဆန္ဒနှင့်ဆန့်ကျင်ကာ တိုင်းပြည်အာဏာသိမ်းထားသည့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်ပြင်ဆင်လျက်ရှိနေပြီး ဇန်နဝါရီ ၂၆ ရက်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်တွင် ရခိုင်အမျိုးသားပါတီ(ANP)၊ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) စသည့်နိုင်ငံရေးပါတီကြီးသုံးခုရှိရာ ALD အနေဖြင့် စစ်ကောင်စီအသစ် ပြဋ္ဌာန်းထားသည့်ပါတီမှတ်ပုံအသစ်ပြန်မတင်ရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကျောက်ဖြူမြို့နယ်တွင်ကျင်းပခဲ့သည့် ပါတီအလုပ်အမှုဆောင်အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့်လည်း ပါတီမှတ်ပုံတင်အသစ်ပြန်တင်ရေး မြို့နယ်အလိုက် သဘောထားများ ကောက်ခံလျက်ရှိပြီး ရခိုင့်ဦးဆောင်ပါတီ (AFP)အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်မည်ဟု ပြောဆိုထားသော်လည်း ပါတီမှတ်ပုံတင်အသစ်တင်ခြင်း မရှိသေးပေ။ (NN-23)

ဆက်စပ် သတင်းများ