စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်မှုရှိသည့် AFP ပါတီထိပ်ပိုင်းခေါင်းဆောင်များ နုတ်ထွက်ရန် ဒေါက်တာအေးမောင်ပြောဆိုမှု ရခိုင်ပြည်သူများကြားဝေဖန်မှုမြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.7k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၃

ပါတီပြန်လည်မှတ်ပုံတင်ရေးနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်မှုရှိသည့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များအား နုတ်ထွက်ပေးကြရန် ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ ပြောဆိုမှုအပေါ် ပြည်သူများကြားဝေဖန်မှုမြင့်တက်နေသည်။

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ စစ်ကောင်စီပြဋ္ဌာန်းထားသည့် နိုင်ငံပါတီများမှတ်ပုံတင်ခြင်းဥပဒေပါစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန်နှင့် AA နှင့် အဆက်သွယ် ရှိသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ပါတီမှနုတ်ထွက်ကြရန် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုခဲ့ကြောင်း DVB သတင်းဌာနတွင် ယမန်နေ့က ထုတ်လွှင့်ခဲ့သည်။

ဒေါက်တာအေးမောင်က "ရခိုင်ဒေသမှာနေတဲ့ လွှတ်တော်အမတ်တွေက အေအေနဲ့ မကင်းကြဘူးလေဗျာ။ ANP က ပုဂ္ဂိုလ်တွေဆိုရင် နိုင်ငံရေးမှူးတွေဖြစ်သွားကြတာပဲလေ။ ကျနော်တို့ ပါတီမှာလည်း တချို့က ရှိမှာပေါ့။ အဲ့ဒီတော့ မိမိကိုယ်ကို မိမိပြန်သုံးသပ်ပါ။ သွယ်ဝိုက်တဲ့နည်းနဲ့ ပတ်သက်ခဲ့ဖူးတာများရှိရင် နုတ်ထွက်ပေးကြပါ။ ဥပမာ ဆွေမျိုး၊ သားသမီးတွေ စသည်ဖြင့်ပေါ့ဗျာ။ မြေးမြစ်တွေနဲ့များ ဆက်စပ်မှုရှိသလား။ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကတော့ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်တဲ့နည်းကိုဗျ။ တယ်လီဖုန်းနဲ့ဆက်ရင်လည်း မတရားအသင်းအဖြစ် အေအေကို ရခိုင်ဒေသမှာ ကြေညာထားတယ်လေ။ ၁၇/၁ ကULA/AA  မှာရှိနေတယ်။ ခင်ဗျားလည်း သိပါတယ်။ ဆက်စပ်မှု ရှိတယ်လို့ မိမိကိုယ်ကိုသံသယရှိတယ်ဆိုရင် မိမိကိုယ်ကိုဝေဖန်ပေးပါ။ ပါတီရပ်တည်ရေးအတွက် ပါတီ မှတ်ပုံတင်ရေးအတွက်ဆိုတဲ့သဘောနဲ့ ဆွေးနွေးကြတာပေါ့" ဟု DVB တွင် ပြောထားသည်။

နိုင်ငံရေးပါတီမဆိုထားနှင့် သာမန်ပြည်သူများပင် ရက္ခိုင့်တပ်တော်(AA) နှင့် မလွှဲသာမချောင်သာ ဆက်ဆံကြရသည့်အခြေအနေတွင် ပါတီတစ်ရပ်မှာလည်း ရှိကောင်းရှိနိုင်ပြီး ကိုယ့်ပါတီဝင်များ၊ နုတ်ထွက်သွားသူများအား တရားခံအဖြစ်စွပ်စွဲသည့်ပုံစံမျိုးကြောင့် ပြည်သူများက ဝေဖန်ကြခြင်းဖြစ်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်သည့် ဦးဖေသန်းက နိရဥ္စရာကို ပြောသည်။

"သူက ကိုယ့်ပါတီတောင်မကဘူး။ ANP ပါတီကတောင်မှ နိုင်ငံရေးမှူးလုပ်နေကြတယ်ဆိုတဲ့စကားတွေ သူများပါတီကိုပါကျော်ပြီး ဝေဖန်သွားတာတွေ တိုက်ခိုက်သွားတဲ့ပုံစံမျိုးဖြစ်သွားပါတယ်။ ဒါကတော့ နှုတ်စောင့်မထိန်းတာပေါ့လေ။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဒီလိုဟာတွေကို ကိုယ့်ဒေသ ကာလအခြေအနေအရ ပြောသင့်တဲ့စကားရှိတယ်။ မပြောသင့်တဲ့စကားရှိတယ်။ ဒါတွေ ပြောခြင်းအားဖြင့် မဖြစ်သင့်တဲ့ဆိုးကျိုးတွေလည်း ကိုယ့်အတွက်ဖြစ်လာနိုင်တယ်။ ပြည်သူတွေက ဝေဖန်မှုတွေမြင့်တက်လာတယ်။ နှုတ်မစောင့်ပဲပြောမိတယ်။ မီဒီယာမှာဖွင့်ချတယ်ဆိုတာက အားလုံးအတွက်မကောင်းပါဘူး။ သူ့အတွက်လည်း မကောင်းဘူးလို့ ထင်ပါတယ်" ဟု ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ် ပြဋ္ဌာန်းချက်တွင် အခန်း(၂ ) ပုဒ်မ ၄(စ) အရ ပါတီတည်ထောင်လိုသူများအနေနှင့် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေသော သောင်းကျန်းသူလက်နက်ကိုင်၊ အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသည့်အဖွဲ့အစည်းဝင်၊ တည်ဆဲဥပဒေအရ မတရားအသင်း အဖြစ်ကြေညာခြင်း ခံထားရသောအဖွဲ့ဝင်များနှင့် တိုက်ရိုက်(သို့)သွယ်ဝိုက်၍ ဆက်သွယ်သူ၊ အားပေးကူညီသူမဖြစ်ရဟု ပြဋ္ဌာန်းထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ရခိုင်နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးမြတ်ထွန်းက "ဒေါက်တာအေးမောင်ကနေပြီး ရွေးကောက်ပွဲဝင်ကိုဝင်မယ်ဆိုပြီး ပြည်သူကို ပြောဆိုတဲ့ လူတစ်ယောက်ဖြစ်တယ်။ ဆိုတော့ တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ ငြိမှာကို သူ့အနေနဲ့ အလွန်တရာ စိုးရိမ်ပုံရတယ်။ ဒါကြောင့် သူ့လူတွေကို အေအေနဲ့ဆက်စပ်မှုမရှိရ၊ ရှိရင်နှုတ်ထွက်ပါဆိုပြီး ပြောတယ်လို့ယူဆပါတယ်"

၎င်းအပြင်သူက နိုင်ငံရေးကိုနားလည်သူအများစုမှာ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မှု အပေါ် လက်ခံမှုမရှိကြောင်း ပြောဆိုသည်။

ဒေါက်တာအေးမောင်အနေဖြင့် မိမိ၏ နိုင်ငံရေးခံယူချက်များထက် ရခိုင်နိုင်ငံရေးပါတီ တစ်ခုအနေနှင့် ရှေ့ဆက်မည်ဆိုလျှင် လက်ရှိ ရခိုင်ပြည်သူလူထု၏ အမြင်သဘောထားများကိုလည်း အလေးထားရန်လိုအပ်ကြောင်း စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"ပါတီနိုင်ငံရေးအရ ပြည်သူတွေက ဒေါက်တာအေးမောင်အပေါ်အများကြီး အလေးထားခဲ့ကြတယ်။ ယုံကြည်ခဲ့ကြတယ်။ သူ့အနေနဲ့က သူ့ခံယူချက်နဲ့သူရှိပေမယ့် ပြည်သူရဲ့အသံ၊ ပြည်သူ့ သဘောထားတွေကိုလည်း ဒါ အလေးတော့ ထားရမယ်လို့မြင်တယ်။ လက်ရှိရခိုင်ပြည်သူတွေရဲ့ ဆန္ဒကဘာလဲပေါ့လေ"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် နိရဥ္စရာက ဒေါက်တာအေးမောင်အား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရခိုင့်ဦးဆောင်ပါတီ(AFP) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ ဖေဖော်ဝါရီ (၂၇) ရက်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ခဲ့ပြီဟု ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အနေနှင့် ယခုလာမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းများ၏ ထွက်ပေါက်ဖြစ်ကြောင်း နိရဥ္စရာနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

ရခိုင်ရှိ နောက်ထပ် နိုင်ငံရေးပါတီကြီးများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) အနေနှင့် စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့်ပတ်သက်၍ မြို့နယ်အလုပ်အမှုဆောင်၊ မြို့နယ်ကော်မတီဝင်များ၏ သဘောထား မှတ်ချက်များကိုကောက်ခံလျက်ရှိနေဆဲဖြစ်သည်။

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)ကမူ ပါတီမှတ်ပုံမတင်ရန် ဖေဖော်ဝါရီ ၂၅ ရက်ကကျင်းပပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးအရ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။  (NN-7)

 

ဆက်စပ် သတင်းများ