တနင်္လာ၊ အောက်တိုဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ကမြို့ကြီးများတွင် သင်္ကြန်ပွဲတော်စည်ကားစွာကျင်းပရန် စစ်ကောင်စီပြင်ဆင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

နိရဥ္စရာ၊ မတ် ၂၄ / ၂၀၂၃

ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ရခိုင်က မြို့ကြီးတချို့တွင် ယခုနှစ်အတာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပရန် ရခိုင်ပြည်နယ်ကောင်စီက ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ကောင်စီအုပ်ချုပ်ရေးအဖွဲ့ အဓိကရုံးစိုက်ရာ စစ်တွေမြို့တွင်လည်း ယခုနှစ် သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ကြီး တည်ဆောက်ပြီး ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင် နိရဥ္စရာသတင်းဌာနသို့ပြောသည်။

"ပြည်နယ်အစိုးရရုံးစိုက်တဲ့မြို့ဖြစ်နေတော့လေ။ ဗဟိုမဏ္ဍပ်တွေလုပ်ပြီး ပုံမှန်အတိုင်းသွားဖို့ အစီစဉ်တွေကတော့ရှိပါတယ်။ ဦးဥတ္တမခန်းမရှေ့မှာ မဏ္ဍပ်လုပ်ဖို့လည်း ပြင်ဆင်နေတယ်" ဟု ပြောသည်။

အလားတူ စစ်တွေသင်္ကြန်ပွဲတော်တွင် ယခင်နှစ်ကအတိုင်း လမ်းလျှောက်သင်္ကြန်ကျင်းပရန်ရှိပြီး ကျင်းပမည့် နေရာသတ်မှတ်ရန် ရွေးချယ်နေကြောင်း သူက ပြောသည်။

စစ်တွေမြို့တွင် ယခင် ၂၀၂၂ ခုနှစ်ကလည်း ပြည်နယ်ကောင်စီက ဗဟိုမဏ္ဍပ်တည်ဆောက်ပြီး ကျင်းပပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ထဲရှိ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများတည်ရှိရာ သံတွဲမြို့တွင်လည်း စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကြီးများတည်ဆောက်ရန်ညွှန်ကြားထားသည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သံတွဲမြို့ရှိ ပြည်သူ့ဆေးရုံကြီးရှေ့နှင့် မြို့တော်ခန်းမရှေ့တွင် မဏ္ဍပ်ကြီးများတည်ဆာက်ရန်နှင့် ငပလီကမ်းခြေတွင်လည်း မဏ္ဍပ်ကြီးများတည်ဆောက်ရန် ညွှန်ကြားထားရှိကြောင်း သူက ပြောသည်။

တောင်ကုတ်မြို့တွင်လည်း ယခုနှစ် သင်္ကြန်ပွဲတော်ကို ဗဟိုမဏ္ဍပ်များတည်ဆောက်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက နိရဥ္စရာသို့ပြောသည်။

အဆိုပါ ဗဟိုမဏ္ဍပ်ကို တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် တည်ဆောက်မည်ဖြစ်ပြီး ကပြဖျော်ဖြေကြမည့် ဌာနဆိုင်ရာယိမ်းအဖွဲ့များမှာ လက်ရှိတွင် အကတိုက်မှုများ စတင်နေကြပြီဟု သိရသည်။

 

ယင်းအပြင် တောင်ကုတ်မြို့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း ထည့်သွင်းထားကြောင်း ဦးဇာနည်တိုးက ပြောသည်။

"ကျွန်တော်တို့က We Love Taunggoke နားကပေါ့နော်။ အဲဒီနားကနေ ဦးဥတ္တမလမ်းအတိုင်းပေါ့။ အဲဒီကနေ ဂူတာရပ်ကွက် အဝိုင်းထိကို ကျွန်တော်တို့က  လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသွားမယ်။ နောက်ပြီးတော့ ဗဟိုမဏ္ဍပ်လည်းရှိမယ်ပေါ့နော်" ဟု ပြောသည်။

အလားတူ ကျောက်ဖြူမြို့တွင်လည်း ဗဟိုမဏ္ဍပ်တည်ဆောက်ပြီး ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်အလိုက် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူမြို့ သင်္ကြန်ဗဟိုမဏ္ဍပ်ကို မြို့အဝင်ဆိုင်းဘုတ်ရှိသည့် နဒီသောင်ယံကမ်းခြေတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ မဏ္ဍပ်တွင် ကပြဖျော်ဖြေရန် မြို့ပေါ်ရပ်ကွက် ၁၇ ခုမှ ယိမ်းအဖွဲ့ ၃ ဖွဲ့စီကို မြို့နယ်ထွေအုပ်ကတောင်းထားကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

"သင်္ကြန်ဗဟိုမဏ္ဍပ်မှာ ထွက်မယ့် ယိမ်းအဖွဲ့တွေအတွက် ကျနော်တို့မြို့ပေါ်ရပ်ကွက် ၁၇ ခုက ယိမ်းအဖွဲ့ ၃ ဖွဲ့စီ တောင်းထားတာရှိတယ်။ တခြား ပညာရေးဌာန၊ကျန်းမာရေးဌာနက ယိမ်းအဖွဲ့တွေလည်း ဖျော်ဖြေကြမယ်လို့ သိရတယ်။ ပြီးတော့နံ့သာသွေးပွဲတွေလည်း ရှိတယ်" ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပွဲတော်ကို အဓိကရုံးစိုက်ရာ မြို့ကြီးများတွင် ကျင်းပခဲ့ပြီး ULA/AA ကလည်း ၄င်းတို့ အခြေစိုက်သည့် စစ်ဒေသတချို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ သင်္ကြန်ပွဲတော်ကို စစ်ကောင်စီကကျင်းပပေးရာတွင် ဒေသတည်ငြိမ်အေးချမ်းမှု အကြောင်းပြကာ ပြည်သူကို စည်းရုံးရေးထက် သင်္ကြန်ပွဲတော်အတွင်း ပြည်သူလူထု ဘေးကင်းလုံခြုံစွာဆင်နွှဲနိုင်ရေးကို ဦးစားပေးရန်လိုအပ်ကြောင်း ရခိုင်အရေးလေ့လာသုံးသပ်သူ လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။

ယခုနှစ်သင်္ကြန်မှာ ဧပြီလ ၁၃ ရက်တွင်စတင်ပြီး ၁၆ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ (NN-23/ NN-21)

 

ဓာတ်ပုံ - ယခင်နှစ်ပုံဟောင်း

ဆက်စပ် သတင်းများ