တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်သူများကို ကူညီပေးကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်းတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 333

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်မှ မိုခါမုန်တိုင်းဒဏ်သင့်သူများကို လူသားချင်းစာနာမှု အကူအညီများပေးကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းတောင်းဆိုလိုက်သည်ဟု သိရသည်။


ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးအကြီးအမှူးဖြစ်သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သီတင်းသုံးသည့် အီတလီနိုင်ငံ၊ ရောမမြို့ရှိ ဗာတီကန်နန်းတော်တွင် မေလ ၂၈ ရက်က ဝတ်ပြုဆုတောင်းချိန်၌ ယခုကဲ့သို့တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ယမန်နေ့ မေလ ၂၉ ရက်က မီဒီယာများတွင် သတင်းဖော်ပြသည်။ 

 

မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် စာနာကြောင်းပြောကြားလိုသလို လူသားချင်းစာနာမှု အကူအညီတွေရောက်ရှိအောင် လုပ်ဆောင်ကြဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းလိုပါတယ်’’ ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ပြောဆိုချက်ကိုကိုးကားပြီး BBC သတင်းတစ်ပုဒ်တွင်ဖော်ပြသည်။ 

 

မိုခါမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂ဝ ဖြင့် မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းအား ဖြတ်ကျော် ဝင်ရောက်တိုက်ခတ်သွားခဲ့သည်။ 

 

မိုခါ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခံခဲ့ရ၍ ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှု ၉ဝ ရာနှုန်းအထိ ရှိခဲ့ပြီး လူပေါင်း ၁၄၈ ဦးသေဆုံးကာ  ကျွဲ၊ နွားကောင်ရေ သောင်းနှင့်ချီသေဆုံးခဲ့ရသည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။ 

 

လေဘေးနှင့် ရေဘေးဒဏ်ခံခဲ့ရ၍ ထိခိုက်နစ်နာသူ ရခိုင်တွင်  ၁၁ သိန်းကျော်ရှိခဲ့ပြီး အိမ်၊ ရုံး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတို့ ပါဝင်သည့် အဆောက်အဦပေါင်း ၂ သိန်း ၄ သောင်းကျော်နှင့် ရေယာဉ်+ကား စီးရေ ၇ဝဝ ကျော် ပျက်စီးခဲ့ရသည်ဟုလည်း ဆိုသည်။ 

 

ယင်းအပြင် မိုခါဝင်ရောက်တိုက်ခတ်သွားခဲ့မှုကြောင့် ချင်းပြည်နယ်အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အနည်းနှင့်အများ ထိခိုက်မှုများရှိခဲ့သည်။ 

 

ယင်းဒေသတို့မှ ကျွဲ၊ နွား၊ဝက်၊ ဆိတ်၊ ကြက်များနှင့် သီးနှံစိုက်ခင်းအများအပြား ပျက်စီးခဲ့ရသည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။ 

 

မိုခါမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေအိမ် နှစ်သိန်းခန့်၊ ဘာသာရေး အဆောက်အဦများ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ ဆက်သွယ်ရေးတာဝါတိုင်များနှင့် ဓာတ်မီးတိုင်များအပါအဝင် အခြေခံအဆောက်အဦများပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။ 

 

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်နှင့် ဘင်ဒရာဘင်ခရိုင် ၂ ခုမှ ဒေသအချို့တွင်လည်း မိုခါမုန်တိုင်းကြောင့် မွတ်ဆလင်အများအပြား၌ ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်ဟု သိရသည်။ 

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူပေါင်း ၈ သိန်းကျော်သည် ဆိုင်ကလုန်းဒဏ်ကြောင့် အရေးပေါ် ထောက်ပံ့ရေး အကူအညီများ လိုအပ်နေမှန်း ကြားသိထားရပြီး ထိခိုက်ခံစားရသူများအတွက် စာနာဝမ်းနည်းမှုနှင့်အတူ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ အမြန်ဆုံး ပို့ဆောင်ပေးကြရန်လည်း တောင်းဆိုခဲ့သည်။ 

 

သဘာဝ ဘေးအန္တရာယ်နှင့် ကြုံတွေ့ ခံစားခဲ့ရသည့် ညီအစ်ကို မောင်နှမများအတွက် လူသားချင်း စည်းလုံးမှု၊ ဘာသာရေး အဆုံးအမများအပေါ် အခြေခံသည့် စည်းလုံးမှုများကို ပြသပြီး ဝိုင်းကူညီပေးစေလိုကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ဆက်လက် ပြောကြားသွားသည်ဟု သတင်းများတွင်ဖော်ပြကြသည်။ 

 

ကုလသမဂ္ဂကလည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသော ပြည်သူသန်းပေါင်းများစွာအတွက် အစားအစာ၊ ဆေးဝါးနှင့် အခြားသော ကယ်ဆယ်ရေး ပစ္စည်းများရရှိရန် အမေရိကန်ဒေါ်လာ ၃၇၅ သန်း လိုအပ်နေသည်ဟု မေလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။ 

 

မိုခါမုန်တိုင်းသည် မေလ ၁၄ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှ အရှေ့-အရှေ့မြောက်ဘက်သို့ ကုန်တွင်းမုန်တိုင်းအဖြစ် ‌ရွေ့လျားခဲ့ပြီးနောက် မေလ ၁၅ ရက်တွင် တရုတ်-မြန်မာနယ်စပ်၌ မုန်တိုင်းငယ်အဖြစ်သို့ အားလျော့ကာ တရုတ်နိုင်ငံအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့ပျက်ပြယ်သွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  (NN-16)

 

ဓာတ်ပုံ - ဝီကီပီဒီးယား

ဆက်စပ် သတင်းများ