စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တိုင်ဖွန်းမုန်တိုင်း မဝါ(Mawar)၏အရှိန်ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးပြီး လေပြင်းတိုက်နိုင်ဟု မိုး/ဇလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 616

(ရခိုင်တွင် ယနေ့ညနေ၌ မိုးသည်းပြီး လေပြင်းတိုက်နေ၍ မိုခါမုန်တိုင်းသင့်ပြည်သူများ ထပ်မံဒုက္ခရောက်)

နိရဥ္စရာ၊ မေ ၃၀ / ၂၀၂၃

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း မဝါ(Mawar)၏အရှိန်ကြောင့် ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့ညနေမှစတင်ကာ မိုးကြီးပြီး လေပြင်း တိုက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။

တိုင်ဖွန်းမုန်တိုင်း မဝါ(Mawar)သည် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေကာ မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ ၃၀ ရက်၊ ညနေ ၄ နာရီတွင် ထုတ်ပြန်ထားသည်။

ယနေ့ညနေမှ မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ မဝါ(Mawar)၏အရှိန်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု မိုး/ဇလက ဆိုသည်။

ယင်းအပြင် မဝါ(Mawar)၏အရှိန်ကြောင့် မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန် ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပါအဝင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုကြရန်လည်း မိုး/ဇလက ယနေ့ညနေတွင် သတိပေးထားသည်။

လက်ရှိတွင် မဝါ(Mawar)၏အရှိန်ကြောင့် ရခိုင်၌ ယနေ့ ညနေ ၅ နာရီခန့်မှစတင်ကာ မိုးကြီးပြီး လေပြင်းများတိုက်ခတ်နေပြီဟု ဒေသခံများက ပြောသည်။

ကျောက်တော်ဒေသခံအမျိုးသမီးတစ်ဦးက "ဒီနေ့ညနေက စပြီး မိုးရွာနေပါတယ်။ လေတွေလည်း တိုက်တယ်။ ဝေဟင်တစ်ခုလုံးပါ မှောင်မိုက်နေတော့ ညအချိန် ပိုဆိုးနိုင်မယ်ထင်ပါတယ်"ဟု ပြောသည်။

မဝါ(Mawar)၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့်ရှိနိုင်သည်ဟု ဆိုထားသည်။

ရခိုင်တွင် မကြာသေးခင်က မိုခါမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် အမိုးအကာအောက် မရောက်ရှိနိုင်သေးသူအများအပြားသည် ယခုတဖန် မဝါ(Mawar)၏အရှိန်ကြောင့် မိုးသည်းပြီး လေပြင်းများတိုက်နေ၍ နေရေးထိုင်ရေး များစွာဒုက္ခရောက်နေကြရကြောင်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဦးပဇင်း ဦးသုဇနက " ညနေ ၄ နာရီကျော်လောက်က မိုးသည်းပြီး လေတိုက်လို့ ကျောင်းအောက်မှာ ထားတဲ့ သွပ်ပြားတွေတောင် လွင့်ထွက်သွားတယ်။ ဒီအချိန်မှာ မုန်တိုင်းလည်းတိုက်၊ မိုးလည်း ကြီးဦးမယ်ဆိုရင် ပြည်သူလူထုက အများကြီး ဒုက္ခရောက်မယ်။ ဘာလို့လဲဆိုရင် ခုလောလောဆယ် အမိုးအကာတွေလည်း တော်ရုံတန်ရုံနဲ့ရနိုင်မှာမဟုတ်ဘူး။ နောက်ပြီး စားရေးနေရေးကအစ မိုးအများကြီးရွာနေမယ်ဆိုရင် တစ်ခုမှ လုပ်ဖို့ရမှာမဟုတ်ဘူး"ဟု မိန့်သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာသည်လည်း မိုခါမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည့် ကျေးရွာဖြစ်သည်။

အိမ်ခြေ ၄၂၅ ဆောင်ရှိသည့်အနက် အိမ်ခြေ ၂၀ ကျော်မှအပ ကျန်အိမ်များအားလုံးသည် မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ဆိုကြသည်။

ယင်းအပြင် ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနှင့် စာသင်ကျောင်းတို့လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ပြောသည်။

မိုခါမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂ဝ ဖြင့် တိုက်ခတ်သွားခဲ့ခြင်းဖြစ်သည်။ 

ရခိုင်တွင် မိုခါကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးပြီး ကျွဲ၊ နွားကောင်ရေ သောင်းနှင့်ချီသေဆုံးခဲ့ရသည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။ 

လေဘေးနှင့် ရေဘေးဒဏ်ခံခဲ့ရသူ ၁၁ သိန်းကျော်ရှိခဲ့ပြီး အိမ်၊ ရုံး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတို့ပါဝင်သည့် အဆောက်အဦပေါင်း ၂ သိန်း ၄ သောင်းကျော်နှင့် ရေယာဉ်+ကား စီးရေ ၇ဝဝ ကျော် ပျက်စီးခဲ့ရသည်ဟုလည်း ဆိုသည်။ 

မိုခါ ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခံခဲ့ရ၍ ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးမှု ၉ဝ ရာနှုန်းအထိ ရှိခဲ့သည်ဟုလည်း ပြည်နယ်အစိုးရက ဆိုထားသည်။

ဓာတ်ပုံ - မိုး/ဇလ

ဆက်စပ် သတင်းများ