- Web Master
- ၁၅ အောက်တိုဘာ ၂၀၂၄
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် အမေရိကန်ဖျက်သင်္ဘော USS Chung Hoon ရှေ့မှနေ၍ တရုတ်ရေတပ်သင်္ဘောတစ်စီး စနေနေ့က အနီးကပ်ဖြတ်သန်းပြီး အန္တရာယ်မကင်းသည့် အပြုအမူ ပြုလုပ်ခဲ့သည်ဟု အမေရိကန်က ပြောဆိုလိုက်သည်။
ယခုဖြစ်ရပ်မှာ
(၁၀)ရက် အတွင်း ဒုတိယအကြိမ် တရုတ်နှင့် အမေရိကန်ကြား စစ်ဘက်ဆိုင်ရာ
ထိတွေ့မှု ဖြစ်သည်။
ပြီးခဲ့သည့် အပတ်ကလည်း အမေရိကန် ထောက်လှမ်းရေးလေယာဉ်တစ်စီး အနီးသို့ တရုတ် ဂျက်တိုက်လေယာဉ်တစ်စီးက မလိုအပ်ဘဲ အနီးကပ်ပျံသန်းပြီး ရန်စသည့် အပြုအမူ ပြုလုပ်ခဲ့သည်ဟု အမေရိကန်က ဆိုသည်။
စနေနေ့က အမေရိကန် ဖျက်သင်္ဘော Chang Hoon သည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းနေစဉ် တရုတ်ရေတပ်သင်္ဘောတစ်စီးက ရှေ့မှနေ၍ ပေ ၁၅၀ အထိ အနီးကပ် ဖြတ်မောင်းပြီး အန္တရာယ်မကင်းသည့် အပြုအမူ ပြုလုပ်ခဲ့သည်ဟု အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်ရေတပ်သင်္ဘောသည် အမေရိကန်ဖျက်သင်္ဘောကို နောက်မှအမီလိုက်လာကာ ကျော်တက်ပြီးနောက် ပေ ၁၅၀ အကွာ ရှေ့မှ ဖြတ်မောင်းခဲ့ရာ အမေရိကန်ဖျက်သင်္ဘောမှာ သင်္ဘောချင်း တိုက်မိမှုမဖြစ်အောင် ရေမိုင်(၁၀)မိုင်အထိ အရှိန်လျှော့ချ မောင်းနှင်ခဲ့ရသည်ဟုဆိုသည်။
ထိုသို့ ဖြတ်မောင်းပြီးနောက် တရုတ်ရေတပ်သင်္ဘောသည် ဒုတိယအကြိမ် ကိုက် ၂၀၀၀ အကွာမှ ထပ်မံ ဖြတ်မောင်းခဲ့သေးသည်ဟု ဆိုသည်။
အမေရိကန်စစ်တပ်သည် ပျံသန်းမှု၊ ခုတ်မောင်းမှု စသည်တို့ကို ပြုလုပ်ရာတွင် အန္တရာယ်မဖြစ်အောင် တာဝန်ယူ၊ တာဝန်ခံမှုဖြင့် နိုင်ငံတကာဥပဒေနှင့်အညီ သွားလာနေကြောင်း အမေရိကန်ကဆိုသည်။
အမေရိကန်ဖျက်သင်္ဘောနှင့် ကနေဒါ စစ်သင်္ဘောတို့သည် တရုတ်နှင့် ထိုင်ဝမ်ကြားရှိ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကာ ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ် ယခုဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံက ၎င်းတို့အနေနှင့် ရေလက်ကြားကို ကင်းလှည့် စောင့်ကြပ်နေခြင်းသာဖြစ်ပြီး အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ပုံစာ- အမေရိကန်ရေတပ်မှ ပဲ့ထိန်းဒုံးပျံဖျက်သင်္ဘော USS Chang Hoon နှင့် ကနေဒါ တော်ဝင်ရေတပ်မှ HMCS Montreal ဖရီးဂိတ်စစ်သင်္ဘောတို့ မေလ ၃၀ ရက်နေ့က တောင်တရုတ်ပင်လယ်ပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်နေကြစဉ်။
NN-27
ref: CNA