စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ရမ်းဗြဲဒေသခံနှစ်ဦး ထောင် ၃ နှစ်အထိချမှတ်နိုင်သည့် အိမ်ဥပစာပုဒ်မ ၉(၁)ဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 693

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက နေအိမ်နှင့် ထမင်းဆိုင်ဖြိုဖျက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် ရမ်းဗြဲ ဒေသခံ ၂ ဦးသည် ထောင်ဒဏ် ၃ နှစ်အထိချမှတ်ခံရနိုင်သည့် အိမ်ဥပစာပုဒ်မ ၉(၁)ဖြင့် အမှုဖွင့် ခံလိုက်ရသည်ဟု သိရသည်။

အမှုဖွင့်ခံလိုက်ရသူများမှာ ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဦးအောင်လွင် (၅၇)နှစ်နှင့် သူ၏ ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား (၄၀)နှစ်တို့ဖြစ်သည်။

သူတို့သည် ဖမ်းဆီးခံလိုက်ရသည့် ဇူလိုင်လ ၃ ရက်မှစတင်ကာ လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ကာ ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင် အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်ဟု ဦးအောင်လွင်၏သား ကိုပြည်ဟိန်းလွင်က နိရဥ္စရာကို အတည်ပြုပြောသည်။

ကျနော်တို့က အားလုံး အိုးအိမ်တွေလည်း ဆုံးရှုံးသွားပြီ။ နေစရာလည်း မရှိလိုက်တော့ဘူး။ ဒါကြောင့် အမှုမဖွင့်ဖို့ပေါ့။ အမြန်ဆုံး ကျန်းမာရေးကိစ္စတွေလည်း စိုးရိမ်ရတဲ့အတွက် ငွေကုန်ကြေးကျခံလို့ ရဲစခန်းသွားမယ် ထမင်းပေးဖို့လည်း ငွေကုန်ကြေးကျခံဖို့လည်း ငွေအင်အားလည်း မရှိဘူးလေ။ ဖျက်ဆီးခံရတဲ့အပေါ်မှာ ဒီလို အမှုမဖွင့်ဖို့ပေါ့။ အမြန်ဆုံး ပြေငြိမ်းလိုက်ဖို့ပေါ့လေ။ ကျန်းမာရေး ကိစ္စတွေကိုထည့်တွက်ပြီးတော့ အမြန်ဆုံးပြေငြိမ်းလိုက်ဖို့ပြောချင်ပါတယ်ဟု ပြောသည်။



အမှုဖွင့်ခံလိုက်ရသူများအနက် ဦးအောင်လွင်သည် ရမ်းဗြဲမြို့၏ အချက်အချာကျသည့် အမှတ်(၃) ရပ်ကွက်၊ စိုးမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ၇ဝ ကျော်ရှိသည့်မြေတွင် နေအိမ်နှင့်အတူတွဲ၍ ထမင်းဆိုင်ရောင်းချနေသူဖြစ်သည်။

အဆိုပါဆိုင်နှင့် နေအိမ်တို့သည် ပြီးခဲ့သည့်ဇူလိုင်လ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင် ၄ဝ ဦးခန့်အပါအဝင် မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေးစသည့် ဌာနဆိုင်ရာ ၅ ခုခန့်မှ အင်အား ၁ဝဝ ခန့်က လာရောက်ကာ အင်အားသုံးဖြိုဖျက်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။

ယင်းသို့ ဖြိုဖျက်နေမှုကို အိမ်ပိုင်ရှင်ဦးအောင်လွင်နှင့်အတူတားဆီးသည့် ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွားတို့နှစ်ဦးကို ရမ်းဗြဲမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိတွင် အမှုဖွင့်ခံထားရသူနှစ်ဦးနှင့် မိသားစုဝင်များ စခန်းအတွင်းတွေ့ဆုံခွင့်ရထားပြီး ဦးအောင်လွင်တွင် အစာအိမ်ရောဂါခံစားနေရ၍ ပြင်ပတွင် ဆရာဝန်နှင့်ပြသလိုကြောင်း တောင်းဆိုထားသော်လည်း စခန်းက အဖြေမပေးသေးဟု သားဖြစ်သူ ကိုပြည်ဟိန်းလွင်က ပြောသည်။



ယင်းအပြင် ဦးအောင်လွင်သည် နေမကောင်းသည့်ကြားထဲ နေအိမ်နှင့် ဆိုင် ဖြိုဖျက်ခံလိုက်ရသည့် အပြင် အမှုပါဖွင့်ခံလိုက်ရ၍ စိတ်ပိုင်းဆိုင်ရာ အလွန်တရာထိခိုက်နေပြီး မိသားစုများမှာလည်း ေထိုင်စားသောက်ရေး အထူးခက်ခဲနေသည်ဟုလည်း သည်ဟုလည်း ဆိုသည်။

 

အမှုဖွင့်ခံလိုက်ရသည့်ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေကျပ် တစ်သိန်းမှ ငါးသိန်းကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။


ယင်းနေ့က ဖြိုဖျက်ခံလိုက်ရသည့် ဦးအောင်လွင်၏ခြံမြေကို လာဖြိုသူများက မကျူးကျော်ကြရန် တားမြစ်ကာ ခြံခတ်သွားခဲ့ကြသည်ဟု မိသားစုဝင်များနှင့် မြို့ခံများက ပြောသည်။

ယင်းခြံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထားတစ်စုံတစ်ရာမပြနိုင်ဘဲ သူတို့ဌာနက ပိုင်ဆိုင်သည်ဟုဆိုကာ အကြိမ်ကြိမ်တောင်းဆိုခြင်းခံနေရသည့်ခြံလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်မှု တစ်စုံတစ်ရာမျှမပြနိုင်ဘဲ ကျောက်ဖြူခရိုင်၊ အင်ဂျင်နီယာ ဦးဦးအောင်မြင့်နှင့် အင်ဂျင်နီယာများ ဦးဆောင်သော လူဦးရေ ၁၀၀ ကျော်က အဆိုပါခြံရှိ ထမင်းဆိုင်နှင့်နေအိမ်ကို စက်ကြီးများဖြင့် အကြမ်းဖက် ဖယ်ရှားရန် ပြုလုပ်ခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝင်ရောက်ညှိနှိုင်းမှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

မြို့ခံများနှင့် အိမ်ပိုင်ရှင်မိသားစုများ၏ပြောဆိုချက်အရ အဆိုပါမြေနေရာသည် ယခင် နှစ်ပေါင်း ၁ဝဝ ကျော်ခန့်က သူဌေးကြီးတစ်ဦးက ဘိုတဲအဖြစ် ဆောက်လုပ်နေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းနေရာမှ ပြောင်းသွားခဲ့သည်ဟု သိရသည်။

နှစ်ကာလကြာမြင့်လာသည့်အခါ အဆောက်အအုံများ ပြိုပျက်ပြီး ရွှံ့နွံတောများဖြစ်နေ၍ စစ်အစိုးရခေတ်က စစ်ထောက်လှမ်းရေးများက ပြန်လည်ပြုပြင်နေထိုင်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။



စစ်ထောက်လှမ်းရေးများက ယခုနေထိုင်သည့်မိသားစုကို ပြီးခဲ့သည့်နှစ်ပေါင်း ၂ဝ ကျော်ခန့်မှစတင်ကာ ဝင်ရောက် နေထိုင်ခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့ နေထိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဌာနနှင့် ဘာမျှ မဆိုင်ဟုလည်း ရမ်းဗြဲမြို့မိမြို့ဖတစ်ဦးက နိရဥ္စရာကို ပြောဆိုဖူးသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာမပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့ရသည်ဟု သိရသည်။ (NN-16)

 

ဓာတ်ပုံ - နေအိမ်နှင့်ဆိုင် ဖြိုဖျက်ခံခဲ့ရသည်ကိုတွေ့ရစဉ်။

 

ဆက်စပ် သတင်းများ