တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

ပေါက်တောတိုက်ပွဲပြင်းထန်ပြီး မင်းပြား၊ မြောက်ဦး၊ အမ်း နှင့် ရမ်းဗြဲမြို့နယ်များတွင် တိုက်ပွဲများဆက်ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

ရခိုင်က မြို့နယ် ၅ ခုတွင် တိုက်ပွဲများဆက်ဖြစ်နေပြီး ပေါက်တောတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရခိုင်တိုက်ပွဲများနှင့် ပတ်သက်ပြီး ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့က ယခုလို ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း ရက္ခိုင်ပြည် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ အမ်း နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား ကြိုကြားကြိုကြား တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်ဟု ဖော်ပြသည်။

ဆက်လက်၍   ပေါက်တောမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ တိုက်ပွဲမှာ ပြင်းထန်နေခဲ့ပြီး စခန်းတစ်ခုပြီး တစ်ခု လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အသည်းအသန်ခုခံကာကွယ်နေရသည်ဟု ဆိုသည်။ 

အလားတူပင် ဇန်နဝါ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်နှင့် နေဗီသင်္ဘောများမှ မင်းပြားမြို့ပေါ်ရပ်ကွက်များအား အပြင်းအထန် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  

ထို့အပြင်  ရသေ့တောင်မြို့နယ်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လက်ကျန် တပ်ရင်း အချို့မှ အရပ်သားပြည်သူများနေထိုင်ရာ ရသေ့တောင်မြို့နှင့် အနီးအနားရှိကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်လျက်ရှိသည်ဟု ဖော်ပြသည်။  

ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်   ဇန်နဝါရီ ၁၉ ရက် နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့ပေါ် ရပ်ကွက်များအား စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မင်းပြားမြို့၊ ဦးစိုးတင့် ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ ဤသို့ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ အမျိုးသား (၁) ဦး ဗုံးစထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ရသည့်အပြင် လူနေအိမ် (၁၀) လုံးကျော်မှာလည်း မီးလောင်ပြာကျခဲ့ရ သည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ