စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ပုဒ်မ ၉(၁)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ရမ်းဗြဲဒေသခံ၂ ဦးကို ဇူလိုင် ၂၁ ရက်တွင် တရားရုံးတင်စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် နေအိမ်နှင့် ထမင်းဆိုင်ဖြိုဖျက်ခံရပြီးနောက် ထောင် ၃ နှစ်အထိချမှတ်နိုင်သည့် အိမ်ဥပစာပုဒ်မ ၉(၁)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူ ၂ ဦးကို မနက်ဖြန် ဇူလိုင်လ ၂၁ ရက်တွင် စတင်ရုံးထုတ်စစ်ဆေးမည်ဟု သတင်းရရှိသည်။

၎င်းတို့ ၂ ဦးမှာ ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်မှ ဦးအောင်လွင် (၅၇)နှစ်နှင့် သူ၏ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွား (၄၀)နှစ်တို့ဖြစ်သည်။

သူတို့ ၂ ဦးအနက် ဦးအောင်လွင်သည် ရမ်းဗြဲမြို့၏ အချက်အချာကျသည့် အမှတ်(၃)ရပ်ကွက်၊ စိုးမဲကျီလမ်းရှိ အနံပေ ၅ဝ၊ အလျားပေ ၇ဝ ကျော်ရှိသည့်မြေတွင် နေအိမ်နှင့်အတူတွဲ၍ ထမင်းဆိုင်ရောင်းချနေသူဖြစ်သည်။

အဆိုပါဆိုင်နှင့် နေအိမ်တို့သည် ပြီးခဲ့သည့်ဇူလိုင်လ ၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင် ၄ဝ ဦးခန့်အပါအဝင် မီးသတ်၊ စည်ပင်၊ ဆောက်လုပ်ရေးစသည့် ဌာနဆိုင်ရာများမှ အင်အား ၁ဝဝ ခန့်က ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်ဟုဆိုကာ လာရောက်ကာ အင်အားသုံးဖြိုဖျက်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။


ယင်းသို့ ဖြိုဖျက်နေမှုကို အိမ်ပိုင်ရှင်ဦးအောင်လွင်နှင့်အတူတားဆီးခဲ့သည့် ညီတော်စပ်သူ ဦးမောင်သန်းဌေး (ခ) မောင်ပွားတို့နှစ်ဦးသည် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

သူတို့သည် နောက်တစ်နေ့ ဇူလိုင်လ ၄ ရက်မှစတင်ကာ လမ်းဦးစီးဌာန၏ ဦးစီးအရာရှိ ဦးငြိမ်းချမ်းက တရားလိုလုပ်ပြီး ၁၉၅၅ ခုနှစ်၊ အစိုးရအိမ်ရာဥပစာနှင်ထုတ်ခြင်းအက်ဥပဒေပုဒ်မ ၉(၁)ဖြင့် ရမ်းဗြဲမြို့မရဲစခန်းတွင် အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုများက ပြောသည်။

အမှုဖွင့်ခံလိုက်ရသည့်ပုဒ်မ ၉(၁)မှာ ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေကျပ် တစ်သိန်းမှ ငါးသိန်းကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးအား ဆေးထောက်ခံစာဖြင့် လွှတ်ပေးထားသည်ဟု သိရသည်။

ဦးအောင်လွင်တွင် အစာအိမ်ရောဂါဝေဒနာရှိပြီး ဦးမောင်သန်းဌေး(ခ)မောင်ပွားတွင် စိတ်ပုံမှန်မဟုတ်သည့်အခြေအနေဖြစ်နေ၍ ပြင်ပ၌ ဆေးဝါးကုသနိုင်ရန် ဆရာဝန် ထောက်ခံချက်လက်မှတ်ဖြင့် ဇူလိုင်လ ၁၇ ရက်မှစတင်ကာ ရမ်းဗြဲမြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ လွှတ်ပေးခြင်းခံထားရသည်ဟု ဦးအောင်လွင်၏သား ကိုပြည်ဟိန်းလွင်က နိရဥ္စရာကို ပြောသည်။

“အဖေကတော့ ဆရာဝန်ကိုပြထားပြီး သူပေးတဲ့ဆေးတွေပဲ သောက်နေပါတယ်။ ကျန်တဲ့ တစ်ယောက်ကလည်း စိတ်က ပုံမှန်မဟုတ်ဘူး။ နည်းနည်း အသောက်အစားကလည်းရှိတယ်။ စိတ်ကလည်း ရိုးရိုးပုံမှန်လိုမဟုတ်ဘူး။ မူးလာရင် လူတွေကို အော်လိုက်၊ ငေါက်လိုက်နဲ့ တစ်ယောက်တည်းလည်း စကားတွေပြောနေတယ်။ အဲလိုမျိုးပါ။ ဆေးလက်မှတ်နဲ့ နှစ်ယောက်စလုံးကို ထုတ်ထားပါတယ်”ဟု ပြောသည်။

ယင်းသို့ ဆေးထောက်ခံစာဖြင့် လွှတ်ပေးထားသော်လည်း သူတို့၏ပုဒ်မ ၉(၁)အမှုကို ပြင်ပမှ ဆက်လက်ရင်ဆိုင်ရဦးမည်ဟု ဆိုသည်။

လက်ရှိတွင်  ဖြိုဖျက်ခံလိုက်ရသည့် ဦးအောင်လွင်၏ခြံမြေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက မကျူးကျော်ကြရန် တားမြစ်ကာ ခြံခတ်သွားခဲ့ကြသည်။

လက်ရှိတွင် ဦးအောင်လွင်နှင့်အတူ မိသားစုဝင်များသည် ဆွေမျိုးများထံတွင် ခိုလှုံ နေကြရသည်ဟုလည်း ဆိုသည်။

ယင်းခြံသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက အထောက်အထားတစ်စုံတစ်ရာမပြနိုင်ဘဲ သူတို့ဌာနကပိုင်ဆိုင်သည်ဟုဆိုကာ အကြိမ်ကြိမ် တောင်းဆိုခြင်းခံနေရသည့်ခြံဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကလည်း အဆိုပါမြေနေရာအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သည်ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နေအိမ်ပိုင်ရှင်ကို တရားစွဲဆိုခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာမပြနိုင်ခဲ့၍ တရားရုံးက အဆိုပါတရားစွဲဆိုမှုအား ပယ်ချခဲ့ရသည်ဟုလည်း သိရသည်။ (NN-16)

ဓာတ်ပုံ - နေအိမ်နှင့်ဆိုင် ဖြိုဖျက်ခံခဲ့ရသည်ကိုတွေ့ရစဉ်။

ဆက်စပ် သတင်းများ