အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်တွင် ခိုးဆိုးလုယက်သတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားလာ၍ ပြည်သူများ စိုးရိမ်ကြောက်လန့်မှု မြင့်တက်နေ


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်၏ မြို့တော် စစ်တွေအပါအဝင်မြို့နယ်အချို့တွင် တစ်နေ့တခြား ခိုးယူဖောက်ထွင်းမှုများနှင့်မြို့လယ်ခေါင်များ၌ သတ်ဖြတ်ခံထားရသည့် အမည်မသိအလောင်းများတွေ့ရှိမှုပိုများလာ၍ ပြည်သူများအကြားတွင် စိုးရိမ်ကြောက်လန့်မှုများပိုမြင့်တက်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်၊ ညဉ့် ၂ နာရီခန့်တွင် စစ်တွေမြို့၊ မင်းဘားကြီးလမ်းရှိ Dual Tech သက်မွေးဝမ်းကြောင်းသင်တန်းကျောင်းတွင် သံတံခါးနှစ်ထပ်ဖြင့် ပိတ်ထားသည့်ကြားမှ ဆိုင်ကယ်နှစ်စီး အခိုးခံခဲ့ရကြောင်း သိရသည်။

အလားတူ အဆိုပါသင်တန်းကျောင်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း ယခုအပတ်အတွင်း ညဥ့်အချိန် ခြံတံခါးအား ဖျက်ကာ ဝင်ရောက်ခိုးယူရန်ကြိုးစားကြစဉ် အိမ်သားများနိုးလာ၍ မည်သည့်ပစ္စည်းမျှ ခိုးယူခံရခြင်းမရှိခဲ့ဟု သိရသည်။

သြဂုတ်လ ၃ ရက်ကလည်း စစ်တွေမြို့၊ ရပ်ကွက်တစ်ခုရှိ နေအိမ်တစ်အိမ်တွင် အိမ်သားများမရှိချိန် နေ့ခင်းကြောင်တောင် ဖောက်ထွင်းဝင်ရောက်ခဲ့၍ ငွေကြေးအချို့ ပါသွားကြောင်း သိရသည်။

စစ်တွေမြို့တွင် ယခုကဲ့သို့ နေ့စဉ်ရက်ဆက်ဆိုသလို ဖောက်ထွင်းမှုများ၊ ခိုးယူမှုများရှိလာနေ၍ မည်သည့်နေ့တွင် မိမိတို့အိမ် ဖောက်ထွင်းခံရမည်ဆိုသည်ကို စိုးရိမ်ကြောက်လန့်နေရပြီး စစ်တွေမြို့၏ လုံခြုံမှုက ဇီရိုးအဆင့်သို့ရောက်သွားပြီဟုပင် ဒေသခံများအကြား ပြောဆိုဝေဖန်နေကြသည်ဟု သိရသည်။

ဖောက်ထွင်းခိုးယူသူများက အိမ်သူ၊ အိမ်သားများ၏ အသက်န္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်၍ အထူးစိုးရိမ်နေရပြီး အမျိုးသမီးများအတွက်ဆိုလျှင်လည်း လုံခြုံမှုမရှိတော့ကြောင်း စစ်တွေမြို့မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

မိန်းကလေးတစ်ယောက်အနေနဲ့ သွားဖို့လာဖို့ အဆင်မပြေတော့ဘူး။ အရင်ကရှိခဲ့တာ နည်းပေမဲ့ အခုက အတင့်ရဲလာပြီး အရမ်းများလာတယ်။ ပြီးတော့ အခုက အလုပ်တွေကလည်း အဆင်မပြေတော့ နေ့ခင်းဘက်မှာတောင် ဆိုင်ကယ်နဲ့ ဖုန်းတွေ လုယက်ခံရတာတွေ ရှိလာတယ်။ နောက်ဆက်တွဲက အသက်အန္တရာယ်ကိုပါ စိုးရိမ်လာရတယ်လေ။ ကိုယ့်မြို့ကိုယ့်ဒေသမှာတောင် မိန်းကလေးတစ်ယောက်တည်း သွားလာဖို့ ကြောက်နေရပြီ” ဟု ပြောသည်။

စစ်တွေတွင် ယခုနှစ်အစောပိုင်းလောက်ကလည်း လူပြတ်သည့်နေရာနှင့် လမ်းအချို့တို့တွင် လမ်းသွားလမ်းများ၏ လက်ဝတ်လက်စား၊ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ်စသည်တို့ကို နေ့ခင်းကြောင်တောင် လုယက်မှုများပင်ရှိခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများက လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေထားမှုများရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်၊ ညနေ ၄ နာရီခွဲခန့်ကလည်း တောင်ကုတ်မြို့ရှိ လူစည်ကားသည့် ဗိုလ်ချုပ်လမ်းမကြီးတွင် ဆိုင်ကယ်ဖြင့်သွားနေသည့် မိန်းကလေးနှစ်ဦး၏ဖုန်းနှင့် ပိုက်ဆံအိတ်ကို နောက်မှ ဆိုင်ကယ်ဖြင့်ကပ်၍လိုက်ပါလာသော ဆယ်ကျော်သက်အရွယ်လူငယ်နှစ်ဦးက အတင်းလုယူကာ မောင်းထွက်ပြေးသွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်၊ ညဉ့်အချိန်ကလည်း တောင်ကျချောင်းရေနစ်မြုပ်မှုကြောင့် ပိတ်ထားရသည့် တောင်ကုတ်မြို့ရှိ မြို့မစျေးကြီးထဲမှ ဆိုင်ခန်း ၆ ခန်း ဖောက်ထွင်းခံရ၍ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ခိုးယူခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ယင်းအပြင် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ ဥစားကြက်ခြံလုပ်ငန်းပိုင်ရှင် ဦးစံသိန်းအောင်(၄၅)နှစ်သည်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်၊ ည ၉ နာရီက ၄င်းပိုင်သည့်ကြက်ခြံမှအပြန် တောင်ကုတ်တက္ကသိုလ်အနီး ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်နှင့် မီးချောင်းထိုးကျေးရွာကြားကားလမ်းတွင် သတ်ဖြတ်ခံခဲ့ရပြီး ၄င်းပိုင် ဆိုင်ကယ်နှင့် ဖုန်းတို့လည်း လုယူခံခဲ့ရသည်။

ယင်းဖြစ်စဉ်ကျူးလွန်သူဟုသံသယရှိသည့် တောင်ကုတ်မြို့ ခမရ ၃၄၆ မှ စစ်ကောင်စီတပ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ရဲတပ်ဖွဲ့က သြဂုတ်လ ၂ ရက်တွင်ဖမ်းမိခဲ့သော်လည်း စစ်တပ်ထံသို့ လွှဲပြောင်းလိုက်၍ အမှုမှန်ပျောက်ဆုံးသွားမည်ကို အသတ်ခံရသူ၏ မိသားစုဝင်များက စိုးရိမ်လျက်ရှိသည်။

တောင်ကုတ်မြို့တွင် ဇူလိုင်လ ၂၇ ရက်၊ နေ့လယ်ပိုင်းကလည်း ရွှေဆိုင်တစ်ဆိုင်အား နေ့ခင်းကြောင်တောင်ဓားပြဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးထဲမှ တစ်ဦးကို ရွှေထည်ပစ္စည်းများနှင့်အတူ ၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုနောက်ပိုင်း စစ်တွေမြို့လယ်ခေါင် နေရာအချို့တွင်လည်း သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့အလောင်းများကိုလည်း ခပ်စိပ်စိပ်တွေ့လာရ၍ မြို့ခံများအကြား စိုးရိမ်မှု ပိုနေရသည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်တွင် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်ရှိ ချောင်းအတွင်း အသတ်ခံထားရသည့် အသက် ၂၀ အရွယ် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းကို ပီနံအိတ်တွင် ထုပ်ပိုးလျက်တွေ့ခဲ့သည်။

အလားတူ ဇူလိုင်လ ၁၁ ရက်ကလည်း စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ ဓညဝတီအားကစားကွင်းနောက်ဘက် ချောင်းထဲတွင် အသတ်ခံထားရသည့် အသက် ၄ဝ အရွယ် အမျိုးသားအလောင်း ၁ လောင်းတွေ့ရှိခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့များ ဆိုသည်။

ယခုကဲ့သို့ ဖောက်ထွင်းခိုးယူလုယက်မှုများနှင့် သတ်ဖြတ်ခံထားရသည့် အမည်မသိအလောင်းများ တွေ့ရှိမှုများလာခြင်းကြောင့် စိုးရိမ်ကြောက်လန့်စိတ်များဖြင့် ဝမ်းရေးအတွက် ရုန်းကန်နေရကြောင်း စစ်တွေမြို့မှ ဟင်းရောင်းသူအမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်အနား ဘေးတွဲမောင်းတဲ့ ကောင်လေးတစ်ယောက် မနက်စောစော သုံးနာရီလောက် ဈေးသွားတဲ့အခါ လမ်းမှာအရိုက်ခံရတာ သိကတည်းက စောစောမသွားတော့ဘူး။ အခုက လေးနာရီခွဲလောက်သွားတယ်။ အဲထက်နောက်ကျလို့ သွားလို့လည်း မရဘူးလေ။ ဟင်းတွေ မရမှာကိုလည်း ကြောက်တယ်။ အဲလို လူတွေနဲ့လည်း တွေ့မှာကြောက်နေရတယ်။ လင်ယောကျ်ားမရှိတော့ တစ်ယောက်တည်း ရုန်းကန်ပြီး ကလေးလေးယောက်နဲ့အတူ တစ်ရက်လုပ်စာ တစ်ရက်စားနေရတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်၊ ညဉ့်အချိန်ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်သည် ဓားပြတိုက်ခံရပြီး နေအိမ်ပိုင်ရှင်ပါ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

သတ်ဖြတ်ခံရသူမှာ မြတ်နိုးသူမိတ်ကပ်နှင့် အလှပြင်ဆိုင်ပိုင်ရှင်လည်းဖြစ်၊ မင်္ဂလာပွဲနှင့်ရှင်ပြုပွဲစသည့် ပွဲအခမ်းအနားပြင်ဆင်သည့်လုပ်ငန်းပိုင်ရှင် အသက် ၅၀ ကျော်အရွယ် ဦးမောင်မောင်တင်ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်၊ ညဉ့်အချိန်ကလည်း တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရ၍ ရွှေ ၁ဝ ကျပ်ကျော်နှင့် ငွေသားများ ပါသွားပြီး နေအိမ်ရှိ မိန်းကလေးငယ်တစ်ဦးလည်း ဓားထိုးခံခဲ့ရသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်၊ ည ၈ နာရီခန့်ကလည်း တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ရွာအနီးတွင် အမျိုးသားတစ်ဦး၏ဘယ်ဘက်ရင်အုံကို လူငယ် ၄ ဦးကဓားဖြင့်ထိုးကာ ဆိုင်ကယ်အား လုယူ ထွက်ပြေးသွားခဲ့ကြသည်ဟု ကာယကံရှင်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်၊ ည ၁ဝ နာရီခန့်ကလည်း ပေါက်တောမြို့နယ်၊ ကျောက်မောင်းကျေးရွာမှ စက်လှေဖြင့် ပိုက်ချနေသည့် ငါးဖမ်းသမားတစ်ဦး၏လှေပေါ်တွင် တပ်ဆင်ထားသည့် ဟွန်ဒါစက်အား လူ ၃ ဦးပါသည့် စက်လှေတစ်စီးက အကြမ်းဖက်ကာ လုယူသွားမှုဖြစ်ပေါ်ခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်တွင် တရားဥပဒေစိုးမိုးမှုများအားနည်းလျက်ရှိပြီး ဓားပြတိုက်မှု၊ လုယက်မှု၊ ခိုးမှုများနှင့် လူသတ်မှုများ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယင်းဖြစ်စဉ်များအပေါ် သက်ဆိုင်ရာရဲတပ်ဖွဲ့ကလည်း စုံစမ်းဖော်ထုတ်အရေးယူနိုင်ခြင်းမရှိ၍ ဒေသခံများအကြား ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

 

ဓာတ်ပုံ - ရခိုင်ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင်း တစ်နေရာအား တွေ့ရစဉ်။


ဆက်စပ် သတင်းများ