တနင်္လာ၊ မေလ ၁၃ရက်၊ ၂၀၂၄

မြောက်ဦးနန်းရာကုန်းပေါ်မှ အစိုးရအဆောက်အဦများကို ဖယ်ရှားပြီးနောက် ရှေးဟောင်းသုတေသနပြတိုက်ကိုလည်း နေရာပြောင်းရွှေ့ရန် ဒေသခံများလိုလား


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 873

ရခိုင်လူမျိုးများအထွဋ်အမြတ်ထားရာ မြောက်ဦးနန်းရာကုန်းပေါ်မှ အစိုးရအဆောက်အဦများကို ဖယ်ရှားပြီးနောက် ၎င်းကုန်းတော်ပေါ်တွင် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ရှေးဟောင်း သုတေသနပြတိုက်ကိုလည်း နေရာပြောင်းရွှေ့ရန် ဒေသခံများလိုလား တောင်းဆိုနေကြသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားဂေါပကအဖွဲ့ဝင်ဟောင်းတစ်ဦးက "အခုက နန်းရာကုန်းပေါ်မှာ အစိုးရအဆောက်အအုံတွေ၊ ရဲစခန်းတွေကိုပါ ဖြိုဖျက်လိုက်ပြီဆိုတော့ ပြတိုက်တစ်ခုတည်း အပေါ်မှာကျန်ခဲ့တာက နေရာမကျဘူးဖြစ်နေတယ်ပေါ့နော်" ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်သည် နန်းရာကုန်းပေါ်တွင် တည်ရှိနေသည့်အတွက် နေရာပြောင်းရွှေ့ပြီး အသစ်တည်ဆောက်ရန် မြို့ခံများက လိုလားနေကြသည်ဟု ဒေသခံများက ပြောသည်။


နောက်ထပ် မြောက်ဦးမြို့ဖတစ်ဦးက "ပြတိုက်တွေ၊ ရုံးတွေကိုဖျက်ဖို့ကြားတယ်။ နေရာသစ် ရှာနေကြတယ်။ ရှေး/သုက နန်းရာကုန်း အနီးအနားက ပြည်သူတွေကို မနေရ နှင်ထားတယ်လေ။ သူများ‌တွေကို နှင်ထားပြီး သူတို့ ရှေးသုကျ‌တော့ နန်းရာကုန်းမှာ ဆက်ထားလို့မရဘူးလို့ မြို့သူမြို့သားတွေပြောတယ်။ ပြတိုက်အသစ်ဆောက်မှာ လက်ခံတယ်" ဟု ပြောသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် နန်းမြို့ရိုးဟောင်းအနီးရှိ နန်းရာကုန်းပေါ်တွင် တည်ဆောက်ထားသည့် ဌာနဆိုင်ရာအဆောက်အအုံများကို ရှေးဟောင်းနယ်မြေနှင့် မလွတ်ကင်းသည့် အတွက် လက်ရှိတွင် ဖြိုဖျက်ထားပြီဖြစ်သည်ဟု သိရသည်။

ပြတိုက်ကိုပြောင်းရွှေ့ပြီး အသစ်ဆောက်ပေးရန် ဒေသခံများကလိုလားနေကြသော်လည်း မြေနေရာနှင့်ဘတ်ဂျက်မရှိသေးဟု မြောက်ဦးရှေး/သုဌာနမှ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက နိရဥ္စရာကို ပြောသည်။

"ဆောက်မယ့်နေရာလည်း မကျသေးပါဘူး။ ဆောက်မယ့်အစီစဉ်လည်း မရှိသေးဘူး။ ဘတ်ဂျက်လည်း မရှိဘူး" ဟုပြောသည်။


အဆိုပါပြတိုက်ကို ၁၉၃၂ - ၃၃ ခုနှစ်ခန့်တွင် ရခိုင့်ရှေးဟောင်း ကျောက်ရုပ်နှင့် ကျောက်စာ ၁၀ မျိုးခန့်ဖြင့် ယခုလက်ရှိနေရာ၌ မြေထိုင်အဆောက်ဦတစ်ခု ဆောက်လုပ်ကာ ခင်းကျင်း ပြသခဲ့ကြကြောင်း မှတ်တမ်းများအရ သိရသည်။

နောက်ပိုင်းတွင် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း၏ ကြိုးပမ်းအားထုတ်မှုကြောင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ တစတစပိုမိုများပြားလာသောကြောင့် ၁၉၅၈ ခုနှစ်တွင် ပေ ၂၀ × ၆၀ သွပ်မိုးပြီး သံပေါက်ကာထားသည့်အဆောက်အဦအဖြစ် တိုးချဲ့တည်ဆောက်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။

၁၉၆၇ ခုနှစ်တွင် သံပေါက်များဖယ်ရှားပြီး အုတ်ဖြင့်အစားထိုးတည်ဆောက်ကာ ၁၉၇၇_၇၈ ခုနှစ်တွင် ပြတိုက်နှင့်ဆက်လျက် ရုံးခန်းတစ်ခုကို တည်ဆောက်ခဲ့သည်ဟု သိရသည်။

ရှာဖွေစုဆောင်းမိသော ရှေးဟောင်းဝတ္ထုပစ္စည်းများ အလွန်များပြားလာသဖြင့် ၁၉၈၁_၈၂ တွင် ပြတိုက်နှင့်ဆက်လျက် အဆောင်သစ်တစ်ဆောင် ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။



ယခုလက်ရှိ ပြတိုက်သည် ရှေးဟောင်းပစ္စည်းရရှိမှုများလာ၍ တိုးချဲ့ပြသနိုင်ရန် ၂၀၀၃ ခုနှစ်တွင် ယခင်ပြတိုက်ဟောင်းအား တိုးချဲ့မွန်းမံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါပြတိုက်တွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ဟူ၍ ခေတ်လေးခေတ်၏ သမိုင်းဝင်ရှေးဟောင်းအနုလက်ရာများကို ခင်းကျင်းပြသထားသည်။

လက်ရှိတွင် ပြတိုက်မှာ သက်တမ်းကြာမြင့်လာပြီဖြစ်၍ ဟောင်းနွမ်းပျက်စီးလာနေပြီဖြစ်ကာ ပြတိုက်အတွင်းရှိထိန်းသိမ်းထားသော ရှေးဟောင်းပစ္စည်းများကိုလည်း တာပေါ်လင်စများဖြင့် ဖုံးအုပ်ထားရသဖြင့် ပျက်စီးသွားမည်ကို အထူးစိုးရိမ်နေရည်ဟု မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မြတ်နိုးသူ တစ်ဦးက ပြောသည်။

အဆိုပါပြတိုက်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ‌ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဌာန(မြောက်ဦးဌာနခွဲ)က ဘတ်ဂျတ် သိန်း( ၁၀၀) ဖြင့် အဆင့်မြှင့်တင် ပြုပြင်ခဲ့သေးကြောင်း သိရသည်။ (NN-11)



ဓာတ်ပုံ - WINNET MYANMAR နှင့် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပေ့ချ်

ဆက်စပ် သတင်းများ