တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်သဘာ၀ဓာတ်ငွေ့ တရုတ်သို့ တင်ပို့မှု ၈ လအတွင်း ကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ရရှိထား


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

“ဒေသခံရခိုင်ပြည်သူများမှာ ဖောင်စီးရင်းရေငတ်နေသည့် အဖြစ်မျိုးရောက်နေကြရ” 


ရခိုင်ကထွက်သည့် သဘာ၀ဓာတ်ငွေ့များ တရုတ်ကို တင်ပို့မှုကြောင့် ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လ အတွင်း မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ၉၉၃ ဒဿမ ၉၄ သန်း ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ အချက်အလက်များ အရ သိရှိရသည်။

 

ယခုနှစ် ၈ လအတွင်း တင်ပို့ခဲ့သည့်  ဒေါ်လာ ၁ ဘီလီယံနီးပါး ပမာဏမှာ  ပြီးခဲ့သည့် ကာလတူနှင့်  နှိုင်းယှဉ်လျှင် ၁၆ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း (GACC) ၏ စာရင်းများအရ  သိရှိရသည်။

 

 အဆိုပါ ဓာတ်ငွေ့များကို ရခိုင်မှ တူးဖော်ပြီး  မကွေး၊ မန္တလေးနှင့်  ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားထားသော  တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ ပို့လွှတ်ရောင်းချခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ကာလအတွင်း ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံထံ ဓာတ်ငွေ့တင်ပို့မှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံများ အထဲတွင် မြန်မာနိုင်ငံသည် တတိယအများဆုံး တင်ပို့သူအဖြစ် ရှိနေကြောင်း သိရသည်။

 

GACC ၏ အချက်အလက်များ အရ ၁၀ နှစ်အတွင်း မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့သည်ဟု သိရသည်။

 

ဓာတ်ငွေ့ ပိုက်လိုင်းကို SEAGP ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေပြီး မြန်မာ၊ တရုတ်အပါအဝင် ကိုရီးယား၊ အိန္ဒိယ လေးနိုင်ငံ ပူပေါင်းဖော်ဆောင်သည့်  စီမံကိန်းဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလီယံခန့် အသုံးပြုခဲ့သည်ဟု သိရသည်။


ပိုက်လိုင်းစီမံကိန်းတွင်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရှယ်ယာ (၇ ဒဿမ ၃၆) ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အစုရှယ်ယာရှင်များ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိမှုက ၁၆၅ ရာခိုင်နှုန်း ရှိခဲ့သည်ဟု သိရသည်။

 

ထိုကဲ့သို့ ရခိုင်က ထွက်ရှိသော သဘာ၀ဓာတ်ငွေ့များကို တင်ပို့၍ နိုင်ငံခြားဝင်ငွေအများအပြား ရရှိနေသော်လည်း ရခိုင်ဒေသခံများမှာ ဆင်းရဲမွဲတည်နေပြီး မငတ်ရုံတမယ် စားသောက် ရုန်းကန်လှုပ်ရှားနေကြရသည်ဟု သဘာ၀သယံဇာတ အရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။



 

ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျေးရွာ ၄ ရွာမှ ပြည်သူများမှာလည်း အဆိုပါ စီမံကိန်းကြောင့် လယ်ယာမြေများရှုံးခဲ့ရသည်သာမက လက်ရှိတွင် အလုပ်လက်မဲ့ ဘ၀ဖြင့် တစ်နေ့ထက် တစ်နေ့ ပိုမိုဆင်းရဲလာကြရသည်ဟု ကျွန်းပေါ်နေ ဒေသခံများက ပြောသည်။

 

မဒေးကျွန်းပေါ်တွင် ရွာမ၊ ပြိန်၊ ကျောက်တန်းနှင့် ပန်းထိမ်ဆည်စသည့် ရွာလေးရွာတည်ရှိပြီး လူဦးရေ သုံးထောင်ခန့် နေထိုင်ကာ တစ်ရွာနှင့် တစ်ရွာမှာ မိုင်အနည်းငယ်သာ ကွာဝေးသော်လည်း ရွာချင်းဆက်လမ်းများကိုလည်း ပြုပြင်ပေးမှု မရှိကြောင်း  ဒေသခံများက ပြောဆိုသည်။  

 

မဒေးကျွန်း ပြိန်ကျေးရွာမှ ကိုဝေယံက  “ လမ်းတွေက အရမ်းပျက်စီးနေပါတယ်။ တောင်ကုန်းလို နေရာဆိုလို့ရှိ ရင် အဲ့လမ်းမှာခင်းထားတဲ့ကျောက်တွေ ပြိုကျတာတွေရှိတယ်။ ဖြတ်ရတာ တော်တော် ဒုက္ခရောက်တယ်။ ကျနော်တို့က ရွာကလူတွေအဆင်ပြေအောင် လမ်းကို ချောချောမွေ့မွေ့ ဖြစ်စေချင်တယ်” ဟုပြောသည်။

အဆိုပါ စီမံကိန်းကို မစတင်မီက မဒေးကျွန်းဒေသခံများ တရုတ်စီမံကိန်းများတွင် အလုပ်အကိုင်ရရှိရေး၊  သွားလာရေးလွယ်ကူစေရန် အတွက် ရွာချင်းဆက်လမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြင့်တင်ပေးရေး၊ လျှပ်စစ်မီးရရှိရေး  စသည့်အချက်များကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ကတိခံထားသော်လည်း ယခုအချိန်ထိ ဒေသခံများ အလုပ် ရရှိမှု မရှိသလို လမ်းများကို ကောင်းမွန်စွာ ဖောက်လုပ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောကြားသည်။

 

 NN-30

Ref: BETV Business News

ဆက်စပ် သတင်းများ