စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

ပေါက်တောတွင် စစ်ကောင်စီက စစ်အင်အား ၁၀၀ ကျော် ရဲ ၆၀ခန့် အင်အားပြန်လည်ဖြည့်တင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2k

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်ကောင်စီဘက်မှ စစ်သားအင်အားများ ၁၀၀ ကျော်၊ ရဲ ၆၀ခန့်ဖြင့် အင်အားပြန်လည် ဖြည့်တင်းထားသည်ဟုသတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ရေတပ်စစ်ရေယာဉ် ၃စီးဖြင့်  စစ်သားအင်အား ၁၀၀ကျော် နီးပါးခန့် ပေါက်တောမြို့သို့ ရောက်ရှိလာပြီး ညနေ ၃နာရီခန့်တွင်  ရဲတပ်ဖွဲ့ဝင် ၆၀ခန့်က ရွှေပြည်တန် ရေယာဉ်ဖြင့်  ပေါက်တောမြို့သို့ ထပ်မံ ရောက်ရှိလာသည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" မနက်က စစ်ကောင်စီ တပ်သားတွေ ရောက်လာတယ်။ ‌နေ့လယ်ကနေ ညနေစောင်းထိ ရွှေပြည်တန်မှာ ရဲ ၆၀ လောက် ပါလာတယ်လို့ သိရပါတယ်။ ရေလမ်းပိတ်ထားတဲ့အခြေနေမှာ စစ်ကောင်စီက ရွှေပြည်တန် အမြန်ရေယာဉ်နဲ့ အတင်းပို့ခိုင်းတာလို့ သိရတယ်။ ရွှေပြည်သာ ရဲတပ်ရင်းက ရဲအယောက် ၆၀ ပါသွားတယ်လို့ သိရပါတယ်" ဟုပြောသည်။

ယနေ့  နံနက်ပိုင်းမှ စစ်ကောင်စီ စစ်ရေယာဉ် ၃ စီးဖြင့် ပေါက်တောမြို့သို့ စစ်သား ၁၀၀ ကျော်ခန့်ကို ပို့ဆောင်ပြီး တချို့မှာ မြို့ထဲတွင် နေရာယူထားပြီး တချို့မှာ လောကထိပ်ပန် ဘုရားတွင် တပ်စွဲ နေရာယူထားသည်ဟု သိရသည်။

ယမန်နေ့နိုဝင်ဘာလ ၁၅ ရက် ညဥ့်အချိန်က ရက္ခိုင့်တပ်တော် (AA) ပေါက်တောမြို့၊ မြို့မရဲစခန်းအား ဝင်ရောက် သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်ခဲ့သည်ဟု သိရသည်။ 

ယင်းနောက်  နံနက် ၉ နာရီ ၄၅  မိနစ်အချိန် ခန့်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် ပေါက်တောမြို့ကို လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် နှစ်ဖက်တပ်များ ရင်ဆိုင်အနေအထားနှင့် အသင့်အနေအထားရှိကာ စစ်ရေး ဆက်လက် တင်းမာနေသည်ဟု သိရသည်။

ပေါက်တောမြို့ကို စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်ဖြင့် တစ်ရက်လုံးလိုလို တိုက်ခိုက်ခဲ့သည့်အတွက် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုလည်း  ဒေသခံများကပြောသည်။(NN-11)

ဆက်စပ် သတင်းများ