တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ငါးလုပ်ငန်းဦးစီးဌာနက စစ်တပ်နှင့်အတူ အတင်းခေါ်ယူသွားသည့် စစ်တွေရွှေပြည်သာကျေးရွာမှ ငါးဖမ်းသမား ၉ ဦး ရှစ်ရက်ကြာသည်အထိ သတင်းအစအန မရဘဲပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 981

စစ်တွေမြို့ ငါးလုပ်ငန်း ဦးစီးဌာနက စစ်တပ်နှင့် ပေါင်းပြီး  ပေါက်တောမြိုနယ်ဘက်သို့ အတင်း ခေါ်ယူသွားသည့်  စစ်တွေ ရွှေပြည်သာကျေးရွာမှ ငါးဖမ်းသမား ၉ ဦးမှာ ၎င်းတို့၏ စက်လှေများနှင့် အတူ  ရှစ်ရက်ကြာသည်အထိ သတင်းအစအနမရပျောက်ဆုံးနေသည် မိသားစုများက ပြောသည်။

၎င်းတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်က ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  စစ်ကောင်စီက ခေါ်ယူသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ဒေသခံတစ်ဦးက “ သူတို့ ၉ ဦးကို ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်းမှာ  ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ခန့်က တိုက်ပွဲတွေဖြစ်နေတဲ့ ပေါက်တောမြို့နယ်ဘက်ကို သူတို့ရဲက ငါးဖမ်းစက်လှေတွေနဲ့ ခေါ်ဆောင်သွားတယ်။ အခုထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါတယ်” ဟု ပြောသည်။

ခေါ်ဆောင်ခံရသူများမှာ ရွှေပြည်သာကျေးရွာ ဒေသခံ မောင်ထွန်းမြင့်၊ မောင်စိုးမင်းထွန်း၊ မောင်အေးလှ၊ ဦးသန်းဌေးတို့ဖြစ်ကြပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံချောင်းကျေးရွာမှ ရွှေပြည်သာကျေးရွာတွင် ယာယီနေထိုင်ကာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ချမ်းလှ၊ ဦးကျော်ရဲအောင်၊ ဦးကျော်ဌေးဝင်း၊ ဦးကျော်နိုင်၊ မောင်သိန်းနိုင်တို့ ဖြစ်ကြသည်။

လက်ရှိတွင် ၎င်းငါးဖမ်းသမား ၉ ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက ငါးဖမ်းဦးစီးဌာနမှ တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံရာတွင် ၎င်းတို့အား ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးသွားသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။


"ငါးဦးစီးဌာနက သူတို့ကိုယ်တိုင်ခေါ်သွားတာ။  အေအေကဖမ်းသွားတယ်ဆိုပြီးပြောတယ်။ စစ်တပ်နဲ့ သူတို့ ခေါ်သွားပြီးတော့ တာဝန်လည်းမယူဘူး။ အခုကအစအနမရပျောက်ဆုံးနေတဲ့သဘောပဲ။ ဟိုတစ်နေ့က သမ္ဗာန်သမားတွေအဖမ်းခံရတုန်းက သူတို့များပါမလားလို့ မြို့မရဲစခန်းကို သွားကြည့်တာ။ အဲဒီထဲလည်း သူတို့မပါဘူး" ဟုပြောသည်။

၎င်းငါးဖမ်းသမားများသည် ဒီဇင်ဘာလ ၇ ရက်က စစ်ကောင်စီတပ်သားများနှင့် အတူ ဆတ်ရိုးကျ ချောင်းကနေ ၎င်းတို့၉ ဦး၏ စက်လှေများဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ပေါက်တောမြို့နယ်၊ တောင်းဖူးတောင် အနီးသို့ ထွက်ခွာသွားသည်ဟု မျက်မြင်ဒေသခံအချို့က ပြောသည်။

၎င်းရေလုပ်သား ၉ ဦးအား စစ်ကောင်စီရေတပ် နေဗီများသွားလာရာ ရေကြောင်းတစ်လျှောက် ပိတ်ဆို့နေသည့် ရေထဲတွင် မျောပါနေသော ငါးဖမ်းပိုက်များကို ပြန်ဖော်ရန်အတွက် ခေါ်ယူသွားသည်ဟု အစပိုင်းတွင် သိရသော်လည်း နောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ ပေါက်တောမြို့နယ် တောင်ဖူးကျေးရွာဘက်သို့ ရေလမ်းအတိုင်း ခေါ်ဆောင်သွားသည်ဟု သိရှိရသဖြင့် သူတို့၏ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်စရာဖြစ်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ဆယ့်နှစ်ရက်ကလည်း စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းတွင် ရပ်နားထားသည့် စက်လှေများမှ သမ္ဗာန်သမားများ၊ ဈေးသည်များအပါအဝင် ကျောင်းသားများနှင့် ဆရာမများ ၅၃ ဦးတို့ ဖမ်းဆီးခဲ့ရပြီး ထိုအထဲမှ ကျောင်းသားနှင့်ဆရာမ ၄ ဦးတို့သာ ပြန်လည်လွတ်မြောက်လာသေးသည်။ (NN-8)

ပုံစာ- စစ်တွေမြို့ ကုလားတန်မြစ်ဘေး မြင်ကွင်း

ဆက်စပ် သတင်းများ