တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

တရုတ်နယ်စပ်အနီးရှိ ၁၀၅ မိုင် စစ်ဗျူဟာကုန်းနှင့် အိန္ဒိယနယ်စပ် မြိတ်၀စခန်းကို သိမ်းပိုက်ရရှိပြီးနောက် AA စစ်ဦးစီးချုပ်က သာလီစွပါဟု တွစ်တာတွင်ရေးသားဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.5k

မြန်မာနိုင်ငံ၏ အရှေ့ နှင့် အနောက် နေရာ ၂ခုမှ အရေကြီးသည့် စစ်စခန်း ၂ခုအား သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော် ( AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သာလီစွပါ ၁၀၅ မိုင်” “သာလီစွပါ မြိတ်၀  ဟု သူ၏ တွစ်တာတွင် ရေးသားဖော်ပြလိုက်သည်။

၎င်းပြင် ၁၀၅ မိုင်ဗျူဟာကုန်းတွင် ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်များအောင်ပွဲခံနေသည့်ပုံကို သိမ်းပိုက်ထားသည့် တင့်ကား၊ လွင့်ထူထားသည့် ရက္ခိုင့်တပ်တော် အလံနှင့် အတူ ဖော်ပြထားသလို  သိမ်းပိုက်ရရှိထားသော မြိတ်၀ခန်းတွင် အာရက္ခစစ်သည်များနှင့် အတူ အလံစိုက်ထူထားသော ဓာတ်ပုံကို ပူးတွဲဖော်ပြထားသည်။  

၁၀၅ မိုင်သည် တရုတ်- မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိပြီး စစ်ရေး၊ ကုန်သွယ်ရေး အတွက် မဟာဗျူဟာကျသော နေရာဖြစ်သလို မြိတ်၀စခန်းသည်လည်း မြန်မာနှင့် အိန္ဒိယ နယ်စပ်မျဉ်းကြောင်းပေါ်တွင် တည်ရှိပြီး စစ်ရေး၊ ကုန်သွယ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးတို့အတွက် အလွန်အရေးပါသော စစ်စခန်းတစ်ခုဖြစ်သည်။

မူဆယ်မြို့နယ် ၁၀၅ မိုင် တရုတ် ကုန်သွယ်ရေးဇုန် အနီး စစ်ကောင်စီ အဓိက ဗျူဟာကုန်းကို ညီနောင် မဟာမိတ် တပ်ဖွဲ့က  ဒီဇင်ဘာ ၁၄ ရက် ညက အင်အား အလုံး အရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

အိန္ဒိယ နယ်စပ်အနီးရှိ မြိတ်၀စခန်းသည် လက်ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ ဖြိုးရေး စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ပလက်၀- မီဇူရမ်သို့  ဖောက်လုပ်နေသည့် ကားလမ်းပေါ်တွင် တည်ရှိသည်။

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တစ်လျှောက်ရှိ အရေးကြီးသည့် တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ မြိတ်၀စခန်းများကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဖြစ်သဖြင့် နယ်စပ်အရေးနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် မလွဲမ​သွေ ရက္ခိုင့်တပ်တော်နှင့် ဆက်ဆံလာရတော့မည့် အနေအထားသို့ ရောက်ရှိသွားပြီဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုသည်။

ဆက်စပ် သတင်းများ