တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် ဒီဇင်ဘာ ၂၄ ရက်နေ့အတွင်း လက်နက်ကြီးထိမှန်၍ အရပ်သား ၃ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းညီနောင်သုံးဖွဲ့ထုတ်ပြန်


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 693

ရခိုင်ရှေးဟောင်းမြို့ မြောက်ဦးတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က စစ်ကောင်စီတပ်က လူနေရပ်ကွက်များကို တမင်ရည်ရွယ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၍ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

သေဆုံးသူများမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ အမျိုးသားတစ်ဦးနှင့် လင်မယားနှစ်ဦး၊ ပေါင်း (၃) ဦးဖြစ်ကြသည်။

သေဆုံးသွားသူ လင်မယားနှစ်ဦးမှာ မြောက်ဦး ဆင်ချဆိပ်ရွာသစ်မှ ဦးစံမောင်(၃၅)နှစ်နှင့် မလှလှသန်း(၂၉)နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့၏ ၅ နှစ်အရွယ် သမီးငယ်မှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု သိရသည်။

မြောက်ဦးမြို့ခံတစ်ဦးက " ဆင်ချဆိပ်ရွာသစ် မှာလက်နက်ကြီးကျပြီးတော့ မိသားစုတစ်စု သေဆုံးဒဏ်ရာတာရှိပါတယ်။ လင်မယား နှစ်ယောက်က နေရာမှာတင်တခါတည်းသေတယ်။ သူတို့ရဲ့သမီးကလေးမှာလည်း လက်မောင်းပြတ်လုပြတ်ချင်ဖြစ်သွားတယ်။ အခုကလေးကို ဆေးရုံကိုပို့ထားပါတယ်" ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်

ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ညနေ (၃) နာရီကျော်ခန့်က မြောက်ဦးအခြေစိုက် “ခမရ (၅၄၀) တပ်ရင်း” မှ အရပ်သား ပြည်သူများအား ဦးတည်၍ တမင်တကာ လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်မှုများပြုလုပ်ခဲ့ပြန်ရာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်၌ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာ လင်မယား (၂) ဦး သေဆုံး သွားခဲ့ပြီး အသက် (၅) နှစ်အရွယ် သမီးဖြစ်သူတွင် ဘယ်ဘက်လက်ပြတ်ထွက်သွားသည်ထိ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။


ထို့အပြင် စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များ ရမ်းကားပစ်ခတ်မှုကြောင့် ‌မြောက်ဦးမြို့ပေါ်ရှိ နေအိမ် အချို့ ပျက်စီး သွားခဲ့ရသည်ဟုဆိုသည်။

၎င်းပြင် လက်နက်ကြီးကျည် (၁) လုံးသည် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသား (၁) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ သေဆုံးသွားခဲ့သည် ဖော်ပြထားသည်။

နောက်ထပ် ဒဏ်ရာရရှိသူများမှာ  အသက် (၁၄) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် အမျိုးသား (၂) ဦးနှင့် အမျိူးသမီးငယ် (၁) ဦးတို့နှင့်​  ရွာဟောင်းတောကျေးရွာ အသက် (၄၀) အရွယ် ဒေသခံအမျိုးသား (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်

ရွာဟောင်းတောရွာအတွင်း၌လည်း လက်နက်ကြီးကျည်  (၂) လုံး ကျရောက်ပေါက်ကွဲခဲ့သည် ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၄) နာရီအချိန်ခန့်တွင်  ပြည်သူလူထုအား နှစ်ရှည်လများ အနှောင့်အယှက်ပေးနေသည့် မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားရှိ စစ်ကောင်စီလက်အောက်ခံ “ငွေတောင်ပေါက်ရဲစခန်း’ နှင့် “သူတော်မတောင်စခန်း” တို့မှ ရန်သူ့ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွားဖြစ်ပွားခဲ့ကြောင်း၊  အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် (၆) နာရီကျော်ခန့်ထိ စစ်ကောင်စီတပ်စခန်းများမှ အရပ်သားပြည်သူများအား လက်နက်ကြီးများဖြင့် တမင်တကာ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။

မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံတပ်များဖြစ်သည့် “ခမရ (၅၄၀)” နှင့် “ခမရ (၃၇၇)” တို့မှ မြောက်ဦးမြို့နှင့် အနီးအနားရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် အကြိမ် (၁၀၀) ကျော်ခန့် ရမ်းကားပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၃၀) အချိန်ခန့်ကလည်း “ခမရ (၃၇၇) တပ်ရင်း” မှ တပ်ဖွဲ့ဝင်အင်အား (၇၀) ကျော်ခန့်သည် မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ လက်နက်အင်အားအပြည့်အစုံဖြင့် ဝင်ရောက်လာကာ ၎င်း ရပ်ကွက်အတွင်းမှ ဒေသခံ (၆) ဦးအား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ညနေ (၃) နာရီ (၁၀) မိနစ်ခန့်တွင်လည်း ဗန္ဓုလရပ်ကွက် (ကျက်ပိတ်)၊ သင်္ချိူင်းဖက်မှ ဗန္ဓုလရပ်ကွက်အတွင်းသို့ လက်နက်ငယ်များဖြင့် ရမ်းရမ်းကားကား ပစ်ခတ်ဝင်ရောက်လာပြီး ဒေသခံ (၃) ဦး အား ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြထားသည်။


ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁၂) နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀) ခန့်သည် ဘူးသီးတောင်မြို့၊ မြတောင် ဆိပ်ကမ်းအား ကားနှစ်စီးဖြင့် လာရောက်၍ သေနတ်များပစ်ဖောက် ခြောက်လှန့်ကာ ဒေသခံများ၏ အခြေခံစားသောက်ကုန် ပစ္စည်းများအား အတင်းအဓမ္မ လုယူသိမ်းဆည်းသွားခဲ့သည်။

ဒီဇင်ဘာလ (၂၃) ရက်နေ့၊ ည (၁၁) နာရီ (၅၀) မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀) ကျော် ခန့်သည် ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်အတွင်းသို့ စစ်ကား (၂) စီးဖြင့် ဝင်ရောက်လာပြီး ဒေသခံအမျိုးသား (၁) ဦး အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် နေအိမ်အတွင်းမှ စိန်လက်စွပ် (၁) ကွင်း၊ ငွေကျပ် (၃) သိန်း နှင့် ဓါတ်ဆီ (၁) ဗူးတို့ကိုပါ အဓမ္မလုယူသွားခဲ့သည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁၂) နာရီခန့်မှစ၍ စစ်ကောင်စီသည် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာအား ဒရုန်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀) နာရီကျော်ခန့်တွင် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၁) လုံးသည် ရေဖြူကန်ကျေးရွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၂) လုံးမှာ လက်နက်ကြီးစထိမှန်၍ ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။ ( NN-11)

(မှတ်ချက်- ဒီဇင်ဘာလ (၂၄) ရက် ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့်  “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၅၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းများမှ ထုတ်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

ဆက်စပ် သတင်းများ