တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မအီမြို့ကို စစ်ကောင်စီတပ်က စွန့်ခွာပြီး တံတားကို မိုင်းခွဲဖျက်ဆီးဟု သတင်းထွက်နေ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

(တိုက်ပွဲအတွင်း အရပ်သား ဒဏ်ရာရ၊ နေအိမ်များပျက်စီးမှုရှိ)

ရခိုင်ပြည်၊ တောင်ကုတ်ခရိုင်၊ မအီမြို့ကို စစ်ကောင်စီတပ်သားများ စွန့်ခွာသွားပြီး မအီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဒေသခံတစ်ဦးက “ မအီမြို့မှာ မအီမြို့မရဲစခန်းနဲ့  ဇီးစံတောင်စစ်စခန်းတို့မှာ စစ်သားတွေ တပ်စွဲ နေထိုင်ခဲ့ပါတယ်။ ဒီနေ့ မနက်တော့ စစ်သားတွေ မရှိတော့ဘူးလို့ကြားတယ်။ သူတို့က မြို့ကို စွန့်ခွာသွားပြီး ကားတွေနဲ့ တောင်ကုတ်ဘက်ကို ထွက်ပြေးသွားကြတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ အတိအကျမသိနိုင်သေးဘူး။ တံတားကိုလည်း မိုင်းခွဲသွားတဲ့အတွက် တံတားကျိုးသွားပါတယ်” ဟု ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်၊ ည ၉ နာရီခွဲအချိန်လောက်က မြို့ကို စွန့်ခွာသွားသည့် စစ်ကောင်စီတပ်သားများကို  ရက္ခိုင့်တပ်တော် ကင်းခြေကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဒေသခံများကပြောသည်။

" ကင်းခြေရွာဘက်မှာတိုက်ပွဲဖြစ်တယ်လို့ သိရတယ်။သေနတ်ပစ်သံတွေကြားရတယ်။ ပြီးတော့ လက်နက်ကြီး ပစ်သံတွေထွက်လာတယ်" ဟု မအီမြို့ခံတစ်ဦးကပြောသည်။


မအီမြို့ အပိုင် ကင်းခြေကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က  ရက္ခိုင့်တပ်တော် မြို့ထဲကို ဝင်ရောက်မလာနိုင်အောင် တံတားကို မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

မအီမြို့အနီး ကင်းခြေရွာဘက်တွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရမှုရှိကာ နေအိမ်အချို့လည်း  ထိမှန်ပျက်စီးမှု ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် မအီ-ပြင်ဝန်းဆက်သွယ်ထားသည့် မအီ တံတားကြီးအနီးမှနေအိမ်တချို့ကိုထိမှန်ပျက်စီးပြီး နေအိမ်ပိုင်ရှင်တချို့လည်း ထိခိုက်ဒဏ်ရာရမှု ရှိကြောင်း ကာယကံရှင်များကပြောသည်။

နေအိမ်ပိုင်ရှင်အမျိုးသမီးငယ်တစ်ဦးတွင် လက်တွင်ထိခိုက်ဒဏ်ရာရှိသွားကြောင်းနိရဉ္စရာသို့ပြောသည်။

" ညီမအိမ်ဆိုရင် ခေါင်မိုးကပဲပွင့်ထွက်သွားပါတယ်။ ဘယ်ကဘယ်လို ပစ်လိုက်မှန်းတောင် မသိလိုက်ပါဘူး။ပထမဆုံးပစ်တဲ့အလုံးမှာကျတာ။ အသံကအားနဲ့ကျယ်ပါတယ်။ အိပ်နေတဲ့အချိန်ကျတာပါ။ ညီမမှာလက်ထိသွားပါတယ်။" ဟု သူမကပြောသည်။

အလားတူ တခြားနေအိမ်တချို့လည်း လက်နက်ကြီးကျည်စထိမှန်ပြီး မှန်ပြတင်းများပျက်စီး ကွဲထွက်မှု ရှိကြောင်း သူမကပြောသည်။


" ညီမအသိ အိမ်တွေလည်း တံခါးမှန်တွေကွဲသွားပါတယ် " ဟု ပြောသည်။

စစ်ကောင်စီ၏ မအီမြို့မရဲစခန်းတောင်ကုန်းအနီးရှိ မအီတံတား ကြီးမှာလည်း မိုင်းကြောင့် ကျိုးကျ ပျက်စီးသွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင်တံတားကျိုးကျပျက်စီးနေသည့် ဗီဒီယိုနှင့်ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာသည်။

" ညကပဲ စစ်တပ်ဘက်က မိုင်းခွဲလို့ မအီတံတားကြီးကျိုးကျသွားပြီလို့ သတင်းထွက်နေတာ။ အခု မနက်ပိုင်းမှာတော့ ဓာတ်ပုံတွေပါတက်လာတယ်။ တံတားကျိုးသွားတာဟုတ်ပါတယ်။ " ဟု မအီမြို့ခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများ မအိမြို့ကို မနေ့ ညက စွန့်ခွာသွားကြပြီဟု သတင်းများ ထွက်ပေးနေသော်လည်း သတင်းအတိအကျ ရရှိနိုင်ခြင်းတော့ မရှိသေးပေ။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကာ စစ်လက်နက်ပစ္စည်းများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းမြို့သို့ မအီမြို့မှရဟတ်ယာဥ်သယ်ယူသွားကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရဲမိသားစုဝင်များကို သယ်ယူသွားကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်အထိ ရဟတ်ယာဥ် ၅ ခါတိတိ ဆင်းသက်ခဲ့ကြောင်း မျက်မြင်မြို့ခံတစ်ဦးကပြောသည်။ (NN-23)

ဆက်စပ် သတင်းများ