တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကုန်း၊ရေ၊လေ သွားလာခွင့် စစ်ကောင်စီက တားဆီးပိတ်ပင်ထားချိန်တွင် စစ်တွေသွားမည့်သင်္ဘောတွင် မူးယစ်ဆေးဝါးတွေ့ရှိသည်ဟု ပြောဆိုချက်မှာ ယုတ္တိမတန်သလို မြေပြင်ပကတိအခြေအနေနှင့် လုံးဝကင်းကွာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 6.4k

(စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက လုပ်နေကျ အတိုင်း နိုင်ငံရေးအောက်လမ်းနည်းများနှင့် လုပ်ကြံတိုက်ခိုက်ဖြစ်ကြောင်း AAပြောခွင့်ရသူ ခိုင်သုခပြော)

ခိုင်လူလှ (ရိုးမမြီ)/နိရဉ္စရာ၊ မတ် ၂၇/၂

ရခိုင်ပြည် စစ်တွေသို့ ပို့ဆောင်မည့် ကျပ်တစ်ဘီလီယံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားတစ်သန်းကို ရန်ကုန် ဘုရင့်နောင်ဆိပ်ကမ်း၌ ဖမ်းဆီးရမိကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြသည်။

၎င်းမူးယစ်ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ ဖမ်းဆီးရမိပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေကြောင်း ၎င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်စွပ်စွဲချက်နှင့် ပတ်သက်ပြီး စစ်ရှုံးအကြမ်းဖက်စစ်ကောင်စီက လုပ်နေကျအတိုင်း နိုင်ငံရေးအောက်လမ်းနည်းများဖြင့် လုပ်ကြံတိုက်ခိုက်တာသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

“ ရန်ကုန် ဘုရင့်နောင်ဆိပ်ကမ်းက စစ်တွေသွားမဲ့သင်္ဘောမှာ မူးယစ်ဆေးဝါး တွေ့တယ်ဆိုတဲ့ကိစ္စ ရက္ခိုင်ပြည်ကို ဆန်တစ်စေ့၊ ဆေးတလုံးတောင် မရောက်ရအောင် သူတို့အကြမ်းဖက် ဖက်ဆစ်  စစ်ကောင်စီက ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပါ ပိတ်ဆို့ထားတဲ့အချိန်မှာ သူတို့နယ်လုံကခွင့်ပြုချက်မရဘဲ ဘယ်သင်္ဘောမှထွက်ခွာခွင့်၊ ပြေးဆွဲခွင့်မရဘူး။ ပြေးဆွဲခွင့်ရတဲ့ သင်္ဘောတွေအားလုံးဟာ သူတို့စစ်ကောင်စီကထိန်းချုပ်ထားတဲ့ သင်္ဘောတွေဖြစ်တယ်။ဒီလိုအချိန်မှာ စစ်တွေသွားမဲ့သင်္ဘောမှာ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ ပြောဆိုချက်က ယုတ္တိ မတန်သလို မြေပြင်ပကတိအခြေအနေနှင့် လုံးဝကင်းကွာနေတာတွေ့ရတယ်။ ဒါဟာ စစ်ရှုံး အကြမ်းဖက်စစ်ကောင်စီက လုပ်နေကျ အတိုင်း နိုင်ငံရေးအောက်လမ်းနည်းတွေနှင့် လုပ်ကြံတိုက်ခိုက်တာသာဖြစ်တယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် မတ်လ (၂၁)ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ် (၃၀၁)သို့ ဝင်ရောက် စစ်ဆေးရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးသည့်  တရားခံထွန်းသိန်းအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ စုမြတ်ဝေတို့ (၂) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊  ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မတ်လ (၂၁) ရက် ညပိုင်းအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန် - စစ်တွေပြေးဆွဲသည့် "အမ်ဗွီ-စိန်ပြည့်မင်း" ကုန်တင်သင်္ဘောအား ဝင်‌ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ကတ္ထူဖာများအတွင်း၌ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ်ဆေးပြား (၁) သန်းပြား၊ ကာလတန်ဖိုး ငွေကျပ် (၁) ဘီလီယံခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြပါရှိသည်။

ဖမ်းဆီးရမိ တရားခံ စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ်လ (၁၄) ရက်တွင် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက်နေ အစ်မဝမ်းကွဲ၏ ခင်ပွန်းဖြစ်သူ သန့်ဇင်ဦးမှ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးပါက ငွေကျပ်သိန်း ၂၀၀ ပေးမည်ဟု ပြောကြားသောကြောင့် ခင်ပွန်းဖြစ်သူ ထွန်းသိန်းအောင်နှင့် တိုင်ပင်ကာ သဘောတူလက်ခံခဲ့ကြောင်း စကစ သတင်းတွင် ဖော်ပြသည်။

မတ်လ (၂၀) ရက်တွင် အစ်မဝမ်းဖြစ်သူ၏ သား တရားခံပြေး ကျော်ပိုင်သူ လာရောက် ပို့ဆောင်ပေးသည့် မူးယစ်ဆေးဝါးများအား “ဂေါ်ဇီလာ” ဆပ်ပြာတောင့်များနှင့်အတူ ရောနှောထုပ်ပိုးပြီး ကတ္ထူဖာများအတွင်း ထည့်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ပို့ဆောင်ရန် မရမ်းကုန်းမြိုနယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂)တံတား၌ ဆိုက်ကပ်ထားသည့် ရန်ကုန် - စစ်တွေပြေးဆွဲသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောပေါ်သို့ တင်ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရသည်ဟု ဆိုသည်။

နစက၏ သတင်းထုတ်ပြန်ချက်အရ လွတ်မြောက်နေသည့် သန့်ဇင်ဦးသည် ရခိုင့်တပ်တော် AA ၏ ထောက်ပံ့ရေးတာဝန်ခံဖြစ်ပြီး ဘူးသီးတောင်မြို့နေ AA အဖွဲ့၏ ထောက်ပံ့ရေးတာဝန်ခံ မေယုထွန်းနှင့် ချိတ်ဆက်၍ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့မှတဆင့် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်ပေးနေခြင်းကြောင်းဖြင့်လည်း စွပ်စွဲဖော်ပြထားသည်။

အမည်မဖော်လိုသူ လူမှုရေး လှုပ်ရှားတက်ကြွသူ ဒေသခံလူငယ် တစ်ဦးက “ ကိုမေယုထွန်းက AA အဖွဲ့ရဲ့  ထောက်ပံ့ရေးတာဝန်ခံမဟုတ်ပါဘူး။ သူက နာမည်ရှိတဲ့ လူမှုရေးလုပ်နေတဲ့ လူငယ်တစ်ဦးပါ။ ရခိုင်ပြည်သူတွေလည်း အကုန်လုံး သိပါတယ်။ ဒီအမှုမှာ သူပါတယ်လို့  ကိုမေယုထွန်းကို စွပ်စွဲကတည်းက ဒီသတင်း ဂျင်းသတင်း၊ လုပ်ကြံသတင်းဆိုတာ လူတိုင်းသိရှိနားလည်နိုင်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်သို့ ပို့ဆောင်သည့် စိတ်ကြွမူးယစ်ဆေးဝါးများမှာ မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်မှ စစ်ကောင်စီ ဂိတ်အတန်တန်ကို ဖြတ်ပြီးမှ ရခိုင်ပြည်သို့ ကုန်လမ်း ရေလမ်းတို့ဖြင့် ပို့ဆောင်ရသဖြင့် မူးယစ်ဆေးဝါးများ ရခိုင်သို့ ရောက်ရှိရန် စစ်ကောင်စီအရာရှိအများအပြား မပါဝင် မပတ်သက်ဘဲ မရောက်ရှိနိုင်ကြောင်း အဆိုပါ လူမှုရေး လှုပ်ရှားတက်ကြွသူ ဒေသခံလူငယ် တစ်ဦးက ထောက်ပြ ပြောဆိုသွားသည်။

 

ဆက်စပ် သတင်းများ