ဗုဒ္ဓဟူး၊ ဇွန်လ ၂၆ရက်၊ ၂၀၂၄

တောင်ကုတ်မြို့ပေါ် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအအဝင် နှစ်ဦးသေဆုံးပြီး ၅ ဦးခန့်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇွန် ၁၆ / ၂၀၂၄

 

ယမန်နေ့ ဇွန်လ ၁၅ ရက်ညပိုင်းက တောင်ကုတ်မြို့ပေါ်ရပ်ကွက်တစ်ခုတွင်လည်း စစ်ကောင်စီနှင့် AA တို့ ထိတွေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအောင်ဇော်ထွန်း အပါအဝင်  နှစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား လေးငါးဦးခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

 

ချောင်းကောက်ရပ်ကွက် ၊ မေပိုးဝါလမ်းအနီးတဝိုက်တွင် ယမန်နေ့ ည ၁၁ နာရီကျော်အချိန်က ထိတွေ့ တိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွားခဲ့စဉ်  စစ်ကောင်စီဘက်က ကျဆုံး ဒဏ်ရာ ရရှိသွားခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

 

 " မေပိုးဝါလမ်းထဲမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကနှစ်ယောက်ကျသွားတယ်။ တစ်ယောက်က ခမရ ၅၄၄ က  ဗိုလ်ကြီး အောင်ဇော်ထွန်း ၊ နောက်တစ်ယောက်က ရိုးရိုး စစ်သားလား ၊ နှစ်ယောက်ကျသွားတယ်ဆိုတာ အတည်ပြုလို့ရတယ်။ လေးငါးဦးလောက်တော့ ဒဏ်ရာရသွားတယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။


၎င်းတိုက်ပွဲသည် တောင်ကုတ်မြို့ပေါ်တွင် ပထမဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မြို့ထဲတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းအနီးတဝိုက်မှ ပြည်သူများ အားလုံး မြို့တွင်းဘုန်းကြီးကျောင်းများသို့ ပြောင်းသွားကြပြီဟု ၎င်းက ဆက်လက် ပြောသည်။

 

တောင်ကုတ်မြို့ အနီးဝန်းကျင်ရှိ  ဝဲကြီး၊ ဝက်ကျိပ်၊ ရွာသစ်၊ မှိုဟင်းတောကျေးရွာများကိုလည်း    တိုက်ပွဲနှင့်သက်ဆိုင်မှု မရှိဘဲ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စိုးရိမ်ကြောက်လန့်ကာ တောင်ကုတ်မြို့တွင်းသို့ ပြောင်းရွှေ့မှုများရှိနေကြောင်း သိရသည်။

 

တောင်ကုတ် ဒေသခံအမျိုးသမီးတစ်ဦးက "မနေ့ညက တိုက်ပွဲဖြစ်ခဲ့တဲ့ ချောင်းကောက်အောင်ပိုင်းက ပြည်သူတွေဆိုရင်  ဘယ်သူမှ ဆက်မနေရဲကြတော့ မြို့ထဲကို အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ လာကြတာတွေ ရှိတယ်။ တခြားမြို့နဲ့ ထိစပ်နေတဲ့ရွာတွေကလည်း အကုန် ပြောင်းရွှေ့နေကြပြီလို့ သိရတယ်" ဟု ပြောသည်။

 

 ယမန်နေ့ ဇွန်လ ၁၅ ရက်၊ ည ၈ နာရီအချိန်က တောင်ကုတ်တက္ကသိုလ်အနောက်ဘက် တိမ်းချောင်းတွင် တပ်စွဲအထိုင်ချထားသည့် လက်နက်ကြီးစခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းဖြင့်ညလုံးပေါက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

 

ယနေ့ဇွန်လ ၁၆ ရက်မနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ မြို့ပေါ်တပ်ရင်းများက လက်နက်ကြီးများ ပစ်ခတ်နေပြီး မြို့နေပြည်သူများမှာထိတ်လန့်နေကြသည်ဟု နိရဥ္စရာသတင်းဌာနသို့ပြောဆိုကြသည်။

ဆက်စပ် သတင်းများ