တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ဘဏ်မှာ ငွေမရှိ၍ တန်းစီစောင့်ပြီးမှ အငြိမ်းစားများ ပင်စင်လစာမရဘဲ ပြန်လာကြရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ကံ့ကော်နီနီ ၊ နိရဥ္စရာ ၊ ဇူလိုင် ၂၂ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် ဘဏ်တွင်ငွေမရှိ၍ ဘဏ်ရှေ့ တန်းစီစောင့်ပြီးမှ  အငြိမ်းစားဝန်ထမ်းများမှာ ပင်စင်လစာမရရှိဘဲ ပြန်လာခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ဇူလိုင်လ ၂၂ ရက် ပင်စင်ထုတ်ရက်တွင် ပင်စင်လစာထုတ်ရန်သွားရောက်ရာ ဘဏ်တွင်ငွေမရှိဟု ဆိုကာ မရရှိဘဲ ပြန်လာခဲ့ရကြောင်း အငြိမ်းစားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

" ဒီနေ့ပင်စင်လစာထုတ်ရက်ဆိုတော့ အဖေရယ်ပင်စင်ထုတ်ဖို့သွားတာ။ ဘဏ်မှာပိုက်ဆံမရှိလို့ဆိုပြီး မရခဲ့ဘူး။ ရတဲ့နေ့ခါပြန်ပြောမယ်လို့ ပြောလိုက်တယ်တဲ့။ ဘယ်နေ့လည်းဆိုတာလည်း မပြောလိုက်တော့ မသိနိုင်ဘူး" ဟု သူကပြောသည်။

ယနေ့တွင် တောင်ကုတ်မြို့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းနှင့် မိသားစုဝင်များအားလုံးစုစုပေါင်း ၂၀၀ ကျော်စီတန်းစောင့်ဆိုင်းခဲ့သော်လည်း တစ်ဦးတစ်ယောက်မျှ ပင်စင်လစာမရရှိခဲ့ကြောင်း သိရှိရသည်။

" ဒီနေ့ဘဏ်မှာပင်စင်ထုတ်ဖို့ လူ နှစ်ရာကျော်လောက်ဘဏ်ကိုရောက်နေကြတာ။ သိရသလောက်ကတော့ တယောက်မှ လစာရမသွားကြဘူး" ဟု အငြိမ်းစားဝန်ထမ်းတစ်ဦး၏ မိသားစုဝင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

နောက်ထပ်အငြိမ်းစားတစ်ဦး၏ မိသားစုဝင်တစ်ဦးကလည်း" မနက်စောစောကပဲ ပင်စင်ထုတ်ဖို့ သွားတာ။ ဘဏ်မှာငွေသားမရှိလို့ဆိုပြီးမထုတ်ခဲ့ရဘူး။ လမ်းတွေပိတ်ထားတော့ ငွေရောက်မယ့် လမ်းကြောင်းက မရှိဘူးလို့ ပြောတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တောင်ကုတ်မြို့တွင် ဇွန်လ ၁၆ ရက်ကစတင်ကာ တိုက်ပွဲတချို့ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယနေ့အချိန်ထိ စစ်ကောင်စီ၏ ပဲခူးတိုင်း-ရခိုင် စစ်ကူလမ်းကြောင်းကို အာရက္ခတပ်တော် AA က ပိတ်ဆို့ ဖြတ်တောက်ထားသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်- ဧရာဝတီတိုင်း၊ ဂွ - ငသိုင်းချောင်းလမ်းမှ ငွေသားသယ်ဆောင်ရန်မှာလည်း လက်ရှိတွင် သံတွဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်ထားသည်။

သံတွဲ-တောင်ကုတ်ကားလမ်းတွင်တိုက်ပွဲဖြစ်ပွားနေသည့်ကုတ်ကားလမ်းတွင်တိုက်ပွဲဖြစ်ပွားနေသည့် မေလကတည်းကစတင်ကာ တောင်ကုတ်မြို့နယ်မှ ပညာရေးဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများမှာ လစာထုတ်ချိန်တိုင်မရရှိဘဲ စစ်ကောင်စီ၏စစ်ရဟတ်ယာဥ်ဖြင့် ငွေပို့ခါမှ လုပ်ခလစာရရှိခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော်က ထိုးစစ်ဆင်နေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ပေါ်မှ အငြိမ်းစား ဝန်ထမ်းတချို့ကမူ မနက်ဖြန် ဇူလိုင်လ ၂၃ ရက်တွင် ပင်စင်ထုတ်ရန်သွားမည်ဖြစ်ပြီး ပင်စင်လစာရ၊ မရကို မနက်ဖြန်မှသိနိုင်မည်ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

 


ဆက်စပ် သတင်းများ