သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မှ စစ်ရှောင်နေအိမ်များ၏ လူဦးရေစာရင်း စစ်ကောင်စီတပ် လာရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို စစ်ကောင်စီတပ် တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေသည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာ ၁၁ ရက်၊ ညနေ ၃ နာရီခွဲခန့်က စစ်‌သားများက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု တောင်ကုတ်မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကိုပြောသည်။

"သန်းခေါင်းစာရင်းကောက်တာမဟုတ်ဘူး။ အခုလာစစ်ဆေးတာက စစ်ဝတ်စုံဝတ်ထားတဲ့ စစ်သားတွေပါ။ ဘေးနာက အိမ်ကို မေးပါတယ်။ ဒီအိမ်ကလူတွေ ဘယ်သွားလဲ။ ဘယ်နှစ်ယောက်နေလဲဆိုပြီးမေးတယ်။ အခန်းဘယ်နှစ်ခန်းရှိလဲမေးတယ်။ ဘာအကြောင်းရင်းကြောင့် လာမေးတာလဲ မမေးရဲဘူး" ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်သည် တောင်ကုတ်မြို့ ရပ်ကွက်အများစုရှိ တိုက်အိမ်များနှင့် လူမနေသည့်နေအိမ်များကို အဓိက စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ရေးလှုပ်ရှားမှုများကြောင့် တောင်ကုတ်မြို့မှ ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် မြို့ခံအများစုမှာ ပြီးခဲ့သည့် ဩဂုတ်လကတည်းက မြို့ကိုစွန့်ခွာသွားခဲ့ကြသည်။

လက်ရှိတွင် လူဦးရေ၏ သုံးပုံတစ်ပုံခန့်သာ မြို့အတွင်းတွင် ကျန်ရှိနေပြီး မြို့ထဲတွင် ပိတ်မိနေကြသည်ဟု နောက်ထပ်တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"စစ်ဘေးရှောင်ဖို့ကျတော့ ဂိတ်တွေအဆင့်ဆင့်ပိတ်ထားတယ်။ သံတွဲဖက်ကိုလည်းမရ။ လမူးဖက်ကိုလည်းမရ။ ပြည်မဖက်ကိုလည်းမရတော့ ပိတ်မိနေတယ်လို့ပြောရမှာပါ" ဟုပြောသည်။

တောင်ကုတ်မြို့တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကိုလည်း မကြာခဏ ကြားရပြီး စစ်ကောင်စီက မြို့နှင့် အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ဗုံးကြဲခြင်းတို့ ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိုးရိမ်စိတ်ဖြင့် နေကြရကြောင်း သိရသည်။

လက်ရှိတွင် တောင်ကုတ်မှသံတွဲသို့သွားလာရသည့် ဖုံညိုဂိတ်၊ မအီသို့သွားသည့်လမ်းပေါ်ရှိ တက္ကသိုလ်စစ်ဆေးရေးဂိတ်၊  တောင်ကုတ်ရိုးလမ်းဂိတ်၊ ကြိုးကြာကွင်းဂိတ် များကို ဒေသခံများအား သွားလာခွင့် ယခုလပိုင်းတွင် ပိုပြီးတင်းတင်းကျပ်ကျပ် ပိတ်ပင်ထား‌ကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာက စုဆောင်းထားသောအချက်အလက်အရ တောင်ကုတ်မြို့နယ် တစ်ခုတည်းတွင် ဩဂုတ်လလယ်ပိုင်းမှစ၍ အောက်တိုဘာလ ၈ ရက်အထိ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိလာပြီ ဖြစ်သည်။

ဓာတ်ပုံ - စစ်တွေမြို့တွင်းတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

 

 

ဆက်စပ် သတင်းများ