- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
မန္တလေးက ပုဂ္ဂလိက ဆေးရုံ (၃)ရုံကို CDM များကိုအလုပ်ခန့်အပ်သည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီက လိုင်စင်ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
၎င်းဆေးရုံ ၃ ရုံမှာ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံတို့ဖြစ်သည်။
၎င်းဆေးရုံ ၃ ရုံသည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)ပါ လိုင်စင် စည်းကမ်းကို လိုက်နာမှုမရှိသည့်အတွက် လိုင်စင် ပိတ်သိမ်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။
စစ်ကောင်စီကနေ လွန်ခဲ့သည့် ၄ လခန့်ကတည်းက CDM များ ခန့်အပ်သည့် အကြောင်းပြချက်ဖြင့် မန္တလေးက ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ယာယီပိတ်သိမ်းခိုင်းထားခဲ့ခြင်းဖြစ်ပြီး ၎င်း ထဲက ဆေးရုံ (၃)ရုံကို မေလ (၁၅) ရက်နေ့ တွင် အပြီးတိုင် လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
၎င်း ပိတ်သိမ်းခံရသည့် ဆေးရုံ (၃) ခုပေါင်းတွင် ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါးခန့်ရှိနိုင်ပြီး အားလုံးအလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်ဟု ကျန်းမာ ရေးအသိုင်းအဝိုင်းက တစ်ဆင့်သိရှိရသည်။
“ဆေးရုံပိတ်သိမ်းခံရတော့ ဝန်ထမ်းတွေတော့ အခက်အခဲဖြစ်ကုန်တာပေါ့။ ဆေးရုံဆိုတော့ အောက်ခြေ သန့်ရှင်းရေး ဝန်ထမ်း လုံခြုံရေးဝန်ထမ်းတွေက အစ အကုန် အခက်တွေ့ကုန်တော့ပေါ့”ဟု ပိတ်သိမ်းခံရသည့် ဆေးရုံတစ်ခုက ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါ ဆေးရုံများ ပိတ်သိမ်းမှုကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အဟိုအဖွဲ့ (၁/ ၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်အရဟု ဇန်နဝါရီ ၁ နေ့ကတည်းက လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံထားရခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီကနေ မန္တလေးမြို့ထဲက နံမည်ကြီး ပုဂ္ဂလိက ဆေးရုံများတွင် CDM ခန့်အပ်ထားမှုရှိမရှိ စစ်ဆေး မှုများအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကပြုလုပ်ခဲ့ပြီး ဆေးရုံ (၅)ရုံကို ယာယီပိတ်သိမ်းခိုင်းခဲ့ကြောင်း သိရှိရသည်။
ထိုအချိန်က ယာယီပိတ်သိမ်းခံရသည့် ဆေးရုံများတွင် လက်ရှိလိုင်စင်ပိတ်သိမ်းခိုင်းရသည့် ဆေးရုံး (၃) ရုံအပါဝင် ထက်နေလင်း ဆေးရုံနှင့် စိန်ပန်းဆေးရုံတို့လည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။ (NN – 25) ဓာတ်ပုံ - ပိတ်သိမ်းခံရသည့် မြို့တော် ဆေးရုံ (FB)