- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ယခုရက်ပိုင်းအတွင်း ရခိုင်မှမြို့နယ်တချို့တွင် စစ်ကောင်စီက လက်နက်၊ လူအင်အားနှင့် ရိက္ခာဖြည့်တင်းမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့်
စစ်ကောင်စီတို့ကြား ယာယီအပစ်ခတ်ရပ်ထားသော်လည်း ရခိုင်မှမြို့နယ်အချို့နှင့် ပလက်ဝမြို့နယ်တို့တွင်
စစ်ကောင်စီက လက်နက်၊ လူအင်အားနှင့်ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများက
ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်ကလည်း မြေပုံမြို့နယ်၊
စညှင်းကျေးရွာရှိတောင်ပေါ်တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်သည်
ရိက္ခာဖြည့်တင်းမှုများပြုလုပ်နေပြီး တောင်ခြေတွင်လည်း ဆန်ရိက္ခာသိုလှောင်ရန်အတွက်
ယာယီအမိုးအကာများဆောက်လုပ်ထားကြောင်း စညှင်းရွာဒေသခံတစ်ဦးက ပြောသည်။
"သူတို့စခန်းချနေတဲ့တောင်ပေါ်ကို ဆန်တွေတင်တယ်။
ယာယီတဲနှစ်ဆောင်လည်း ရိက္ခာတွေထားဖို့အတွက် ဆောက်ထားတယ်။ စစ်သားအင်အားကတော့
ပုံမှန်အတိုင်းပဲ။ ၁၀၀ ကျော်လောက်ရှိတယ်။ ရိက္ခာကတော့ ဒီလမှာ ပိုတိုးသွားတာ။
အရင်ကတော့ ပုံမှန်အတိုင်းပဲ တင်တာ။ ရိက္ခာသိုလှောင်နေတဲ့ပုံစံမြင်ရတယ်"
ဟုပြောသည်။
ထို့အပြင် အောက်တိုဘာလ ၁၄ ရက်ကလည်း ကျောက်တော်မြို့နယ်ဘက်သို့
စစ်ကောင်စီတပ်က စစ်ကားများ၊ နေဗီစစ်ရေယာဉ်များဖြင့် ရိက္ခာများ
သယ်ပို့မှုပြုလုပ်နေကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
"စစ်ကားတွေနဲ့ ပို့နေတာတွေတော့ ရှိတယ်။ ဒါပေမယ့်
သိပ်ပေါ်ပေါ်ထင်ထင်ကြီးတော့ မဟုတ်ဘူး။ သူတို့နည်းဟန်နဲ့ ပို့နေကြတာ"
ဟုပြောသည်။
ယနေ့ အောက်တိုဘာ ၁၆ ရက်တွင်လည်း စစ်ကောင်စီ နေဗီရေယာဉ် နှစ်စီးသည် ကျောက်တော်မြို့မှ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်သို့ ရိက္ခာများ၊ စစ်အင်အားများဖြည့်တင်းရန်အတွက်
ထွက်ခွာမည့်အပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင်လည်း နေဗီ စစ်ရေယာဉ်တစ်စီး
ကမ်းကပ်ရန် ပြင်ဆင်နေမှုများကို တွေ့မြင်နေရကြောင်း ဒေသခံများက ပြောကြသည်။
ရခိုင်မှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့်
မြေပုံအစရှိသည့် မြို့နယ်များတွင် စစ်ကောင်စီက စစ်အင်အားနှင့်
ရိက္ခာဖြည့်တင်းမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်နေကြောင်း နိုင်ငံရေးအခြေအနေ စောင့်ကြည့်လေ့လာနေသည့်
ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ နှင့် အောက်တိုဘာလ ၉ ရက်က ကချင်ပြည်နယ်၊
လိုင်ဇာမြို့ရှိ ရက္ခိုင့်တပ်တော်စခန်းတစ်ခုကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက်
AA မှ ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားခဲ့ပြီး
တပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာစစ်တပ်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်
(ULA/AA) တပ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်လာပါက
ရခိုင်တွင် တိုက်ပွဲများပြန်ဖြစ်သည့်အဆင့်ကိုရောက်သွားနိုင်ကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။
လက်ရှိတွင် AA နှင့် မြန်မာစစ်တပ်တို့
အပစ်ရပ်ထားသည်မှာ တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း စစ်ကောင်စီ၏လုပ်ရပ်များကြောင့်
ငြိမ်းချမ်းနေသည့်အခြေအနေမှာ ပြောင်းလဲနိုင်ခြေရှိသည်ဟု ဆိုကြသည်။
မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်ကလည်း
ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ၌
ရက္ခိုင့်တပ်တော်၏တပ်စခန်းတစ်ခုကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခဲ့ရာ AA
တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရသွားခဲ့ရသေးသည်။
ယင်းနောက်ပိုင်းတွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးအခြေအနေတင်းမာလာခဲ့ပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (NN-8)
ဓာတ်ပုံ - ရခိုင်တွင်တွေ့ရသည့် စစ်နေဗီတစ်စီး(ပုံဟောင်း)