- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ဒီဇင်ဘာလ ၁၀ ရက်နေ့ညနေပိုင်းမှစပြီး ကိုးကန့်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ပြေလျော့လာခဲ့သော်လည်း ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် MNDAA ခံတပ်ကို သုံးကြိမ် တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်လာခဲ့သဖြင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် နှစ်ဦးနှစ်ဖက်မှ ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောတွင် တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည်ဟု The Kokang မီဒီယာက သတင်းဖော်ပြသည်။
စစ်ကောင်စီသည် ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAA၏ခံတပ်ကို ဒီဇင်ဘာ ၁၈ ရက် ညက စတင် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကြောင်း၊ ညနေပိုင်းတွင် စစ်ကောင်စီသည် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ MNDAA၏ခံတပ်ကို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း၊ ညအချိန်တွင် လေကြောင်းဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး ညနေ ၆ နာရီ ၂၄ မိနစ်မှ ၇ နာရီ ၄၀ မိနစ်အချိန် အတောအတွင်း စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် MNDAA၏ခံတပ်ကို သုံးကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ဒီဇင်ဘာ ၁၉ ရက် နေ့လယ်တွင် စစ်ကောင်စီ၏ ရန်စပစ်ခတ်တိုက်ခိုက်မှုများကြောင့် MNDAA အနေဖြင့် ခုခံတုန့်ပြန်တိုက်ခိုက်လာရသဖြင့် ကိုးကန့်လောက်ရှမ့်ထန်နေရာတကြောတွင် နှစ်ဘက်တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ နေ့လယ် အချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲရှိသည်ဟု သတင်းတွင်ဖော်ပြသည်။
ရုပ်သံ- စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်နေသည်ကို မြင်တွေ့ရစဉ် ( ကိုးကန့်မီဒီယာ)