- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်းတွင် တည်ရှိသည့် စစ်ကောင်စီ၏ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်း ဌာနချုပ်” နှင့် “ကွတ်ခိုင်ဗျူဟာကုန်း” အားသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၇ ရက် ည (၁၁:၅၀) အချိန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်
၎င်းစခန်းများအား ညီနောင်သုံးဖွဲ့၏၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့၌ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
သတင်းထုတ်ပြန်ချက်ထဲတွင် “ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်း ဌာနချုပ်” အား ဇန်နဝါရီ ၇ နံနက် (၁၀) နာရီအချိန်ခန့်တွင်လည်းကောင်း၊ “ကွတ်ခိုင်ဗျူဟာကုန်း” အား ဇန်နဝါရီ ၇ ည (၁၁) နာရီ ဝန်းကျင်တွင်လည်းကောင်း အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း”ဖော်ပြထားသည်။
“ကွတ်ခိုင်ဗျူဟာကုန်း” အား ပြီးခဲ့သည် ဒီဇင်ဘာ ၃၁ ရက်မှ စတင်ကာ ညီနောင်မဟာမိတ်တပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများအကြားက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသအတွင်း သတင်းများအရ သိရသည်။
သိမ်းပိုက်ရရှိခဲ့သည့် ကွတ်ခိုင်တပ်သည် စစ်ကောင်စီ ဗျူဟာမှူး အထိုင်ချပြီး နမ့်ဖက်ကာ၊ တာမိုးညဲ၊ မုံးစီးဒေသရှိ တပ်စခန်းများကို ကွပ်ကဲသော ဗျူဟာကုန်းဖြစ်ပြီး ရဟတ်ယာဉ်ကွင်းလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည် ဇန်နဝါရီ ၄ ရက်တွင်လည်း ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင် အခြေစိုက် စစ်ကောင်စီ ဒကစတပ်အပါအဝင် စစ်သားများနှင့် မိသားစု၀င် စုစုပေါင်း လူ ၄၀၀၀ နီးပါးခန့်သည် ကိုးကန့် MNDAA တပ်ထံလက်နက်ချ အညံ့ခံခဲ့သည်။
ယခုကဲ့သို့ ထောင်နှင့်ချီရှိသော စစ်သားများ လက်နက်ချအညံ့ခံမှုသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့စစ်တပ်သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ရပ်ဟု သိရသည်။