- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
လူထက်နိုင်(ဒွာရာမြီ)
နိရဉ္စရာ၊ ဧပြီ ၈ / ၂၀၂၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် မန္တလေးတိုင်း ပကဖ က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၁) စစ်ဒေသမှရုပ်သံနှင့်တကွ ဧပြီလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“မန္တလေးတိုင်း ပကဖ မှ ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများနေထိုင်သော အဆောင်အနီးသို့ (၄) လုံး ကျရောက် ပေါက်ကွဲခဲ့သည်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) သို့ ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် မတ်လ (၈) ရက် နံနက် (၄) နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
စစ်တက္ကသိုလ် ပေါင်းစုံ ရှိရာ ပြင်ဦးလွင် မြို့ အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုများသည် မကြာခင်ကာလက စတင်ပြီး ပေါ်ပေါက်လာကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် မြို့ဝင်၊ မြို့ထွက်နေရာများအားတင်း တင်းကျပ်ကျပ် စစ်ဆေး နေကြောင်းသိရသည်။
ထို့အပြင် စစ်ကောင်စီဒုတိယ ဝန်ကြီးချုပ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံ လေယာဥ်ကွင်းသစ်စီမံကိန်း ကိုရောက်နေချိန် ဧပြီ ၆ ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများတွင်ဖော်ပြထားကြသည်။
ဧပြီ ၄ရက်နေ့ကလည်း နေပြည်တော် စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ စစ်ရုံးချုပ် မှလည်း သတင်းထုတ်ပြန်ထားခဲ့သည်။
ဓာတ်ပုံ-ငြိမ်းကျော်/PDF Insight