အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော်တွင် AAနှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးတရားစွဲခံထားရသူ ၁၂ ဦးအထဲမှ ၂ ဦးကိုသာ ပြန်လွတ်ပေးသေး


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 845

(ကျန်လူများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုများလိုလားနေ )

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ရဲစခန်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၂ ဦးရှိပြီး ထိုအထဲက ၂ ဦးမှာ ယမန်နေ့က စစ်ကောင်စီလွတ်ငြိမ်းခွင့်ဖြင့် လွတ်လာခဲ့ကြဟု သတင်းရရှိသည်။

လွတ်လာသူ ၂ ဦးမှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသူ ကျောက်တော်မြို့ ကဝိရတနာစစ်ရှောင်စခန်းမှ အရပ်သားဆေးဆရာ စစ်ရှောင် ဦးကျော်ဟိန်း(၄၀) နှစ်နှင့် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာ(၅၃) နှစ်တို့ဖြစ်သည်။

လွတ်ငြိမ်းခွင့် ယနေ့နံနက်ထိ မလွတ်လာသူ ၁၀ ဦးမှာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း(၄၃)နှစ်၊ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈) နှစ်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် (၅၁) နှစ်တို့ဖြစ်သည်။

နောက်ထပ် ကျန်နေသူများမှာ  ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသည့် မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာ ဦးစောမိုးကျော်၊ ကျောက်တော်မြို့နယ် ဝပြန်ကျေးရွာမှ မောင်သန်းဌေး၊ မောင်ထွန်းလှိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာမှ ဦးသန်းစိုး၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ကိုမျိုးဦး၊ မြေပုံမြို့နယ် အငူသစ်မှ မောင်မျိုးကိုနှင့် မြောက်ဦးမြို့ မဟိန်ဂျီရပ်ကွက်မှ ကိုကျော်မောင်လင်းတို့ဖြစ်ကြသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျောက်တော်တွင် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ အားလုံးလွတ်လာလိမ့်မည်ဟု မျှော်လင့်၍ ယမန်နေ့ ဩဂုတ် ၂ ရက်နေ့က  မြို့နယ်တရားရုံးထိ သွားရောက်စောင့်ဆိုင်းခဲ့သော်လည်း လွတ်မြောက်လာခြင်း မရှိ၍ စိတ်ပျက်မိကြောင်း ဖမ်းဆီးခံထားရသူ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက ပြောဆိုသည်။

“ဘာမှ မပြောချင်တော့ပါဘူး။ ပြောဖို့လည်း မရှိတော့ဘူး။ စိတ်ပျက်သွားပြီ။ လွတ်မယ်ထင်ပြီး မျှော်လင့်ချက်တကြီးနဲ့ လာခဲ့ကြတာ” ဟုဆိုသည်။

လက်ရှိ အချုပ်ထဲတွင် ကျန်နေသူများကိုလည်း AAနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးထားခြင်းဖြစ်၍ ပြန်လည် လွှတ်ပေးစေချင်သည်ဟု မိသားစုများက ပြောဆိုသည်။

မလွတ်လာသေးသည့် ကိုဇော်ဝင်း၏ ဇနီးဖြစ်သူက "စိတ်ညစ်တာကလွဲရင် ဘာမှ မပြောချင်တော့ဘူး။ ဝါဆိုလပြည့်မကျမီ အဖိတ်နေ့ကလည်းက လွတ်မယ်ဆိုပြီး မျှော်လင့်နေကြတာ။ မလွတ်ရင် စိတ်မကောင်းဖြစ်ရုံက အပ ဘာတတ်နိုင်မှာလဲ။ သူတို့လုပ်တိုင်း ခံနေရတာကိုး။ လူတိုင်းလွတ်သလို သူတို့ကိုလည်း လွှတ်ပေးစေချင်ပါတယ်"ဟုပြောသည်။

လွတ်လာသူ ဦးကျော်ဟိန်းနှင့် ဦးမောင်စောသာကို ယမန်နေ့ သြဂုတ်လ ၂ ရက်၊ ညနေ ၄ နာရီခန့်တွင် ကျောက်တော် မြို့နယ် တရားရုံးက ခံဝန်လက်မှတ်ရေးထိုးကာ လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လွတ်မြောက်လာလူ ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်မအေးသန်းက “လွတ်ပါပြီ။   ၄ နာရီ မိနစ် ၂၀ လောက်က လွတ်ပါတယ်။ အခုတော့ သူ့ကို အောင်ဆုပန် ဘုန်းတော်ကြီးကျောင်းမှာ ထားခဲ့ပါတယ်။ မနက်ဖြန် သူ ခေတ္တခဏ ယာယီရှင်ပြုမလို့ပါ။ အရမ်းဝမ်းသာရပါတယ် ဒီနေ့” ယမန်နေ့က ဟု နိရဥ္စရာကို ဖြေဆိုခဲ့သည်။

ဦးကျော်ဟိန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်၊ ည ၉ နာရီအချိန်ခန့်က ကျောက်တော်မြို့ မဟာကံကြီးရှင် စစ်ဘေးရှောင်စခန်းမှ လူနာတစ်ဦးကို ဆေးကုသပေးပြီး ပြန်လာသည့်အချိန် ကျောက်တော်မြို့အဝင်လမ်းတွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ယင်းအပြင် သရက်တပင်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးမောင်စောသာသည်လည်း ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁ ရက်က ခရီးသည် နှစ်ဦးနှင့်အတူ မဟာမုနိဘုရားအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကိုလည်း အမှုမှလွှတ်ပေးရန် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ရခိုင်ရှိ အကျဉ်းထောင်နှင့် အချုပ်ခန်းများတွင် အမှုရင်ဆိုင်နေရဆဲနှင့် ပြစ်ဒဏ် ချမှတ်ခံထားရသူများကိုလွှတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအထိ ရက္ခိုင့်တပ်တော်(AA) သံသယဖြင့် အမှုရင်ဆိုင်နေရသူ ၆၂ ဦးအထိ လွတ်မြောက်လာခဲ့ပြီဟု သိရသည်။

 

 

ဆက်စပ် သတင်းများ