အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော် ဝါးတောင်စစ်ဘေးရှောင်စခန်းအနီးတွင် တွေ့ရှိသည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် အမြန်ဆုံးဖယ်ရှားပေးရန် ဒေသခံများ တောင်းဆို


  • ရေးသူ: Web Master (NN 10)
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဝါးတောင်စစ်ဘေးရှောင်စခန်းအနီးတွင် တွေ့ရှိသည့် မပေါက်ကွဲသေးသည့်လက်နက်ကြီးကျည်တစ်လုံးကို အမြန်ဆုံးဖယ်ရှားပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးကျည်သည် ဝါးတောင်စစ်ဘေးရှောင်စခန်းအနောက်ဘက် ၅ ဖာလုံအကွာရှိ တောင်ကုန်းပေါ်တွင် မြေထဲစိုက်ဝင်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ကတက်ဦးသွားတူးစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဝါးတောင်စစ်ရှောင်စခန်းတာဝန်ခံ ဦးနိုင်ဝင်းထွန်းက "လက်နက်ကြီးကျဉ်က မြေကြီးထဲမှာတပိုင်း၊ အပြင်မှာတပိုင်း ပေါ်နေတာပါ။  တစ်ယောက်မှ အနားမကပ်ရဲကြဘူး။ အဲဒီဖက် မသွားကြနဲ့လို့တော့ သတိပေးပြောကြားထားပါတယ်"ဟု ပြောသည်။

မပေါက်ကွဲသေးသည့်အတွက် မသိနားမလည်သူတစ်ဦးဦးက သွားရောက်ထိကိုင်မိပါက ပေါက်ကွဲနိုင်၍ အမြန်ဆုံးဖယ်ရှားပေးရန် သက်ဆိုင်ရာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)တာဝန်ရှိသူများကို အကြိမ်ကြိမ်တောင်းဆိုထားသော်လည်း ၂ လသာကြာမြင့်သွားပြီး မည်သူကမျှ လာရောက်ဖယ်ရှားခြင်း မရှိသေးဟုလည်း ဆိုသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ ခမောင်း၊ လေကွိ၊ တဲဝ၊ ကင်ပိ စသည့်ကျေးရွာများမှ လူဦးရေ ၃၈၀ ဦးနှင့် အိမ်ခြေ ၆၀ ကျော်ရှိကြောင်း သိရသည်။

ယခုလက်နက်ကြီးကျည်တွေ့ရှိထားသည့်နေရာအနီးတဝိုက်သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလအထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ဒေသခံ ၄၉ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ခဲ့ဖူးသည်။ (NN-10)

 

ဆက်စပ် သတင်းများ