အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော် မဟာမုနိဘုရားသိမ်တော် ပြန်လည်ပြုပြင်မွမ်းမံမှု ၆၅ ရာခိုင်နှုန်းပြီးစီး


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ တန်ခိုးကြီးမဟာမုနိဘုရား၏သိမ်တော်ကို ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိရာ လက်ရှိတွင် ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီဟု သိရသည်။

ကျပ်သိန်းပေါင်း ၅ သောင်းခန့်ဖြင့် အကြီးစား ပြင်ဆင်နေသည့် မဟာမုနိဘုရားသိမ်တော်တွင် လက်ရှိ၌ သိမ်ဆောင်၌ ပတ်ပတ်လည် အမိုးအသစ် မိုးပြီးသော်လည်း မျက်နှာကြက်နှင့် ထီးတော်တင်ရန် ရှိသေးကြောင်း မဟာမုနိဘုရားဂေါပကအဖွဲ့က ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် မေလအတွင်းကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ဂန္ဓာကုဋီတိုက် ပင်မဆောင်သည် လုံးဝပျက်စီးသွားပြီး ထီးတော်လည်းမြေခခဲ့သောကြောင့် ပြုပြင်ရန် အလှူ‌ငွေများ လိုအပ်နေသေးကြောင်း မဟာမုနိဘုရားဂေါပက ဥက္ကဋ္ဌ ဦးညိုသာလှက နိရဥ္စရာကို ပြောသည်။

“လောလောဆယ်တော့ ၆၅ ရာခိုင်နှုန်းပြီးနေပြီ။ ဂန္ဓာကုဋီတိုက် ပင်မဆောင်မှာ မိုခါမုန်တိုင်းမတိုက်ခင် မိုးလို့ပြီးခဲ့ပြီ။ မိုခါမုန်တိုင်းတိုက်ပြီး ပင်မဆောင်ဘုံဆောင်ဟာ ပျက်စီးသွားတဲ့အတွက် အကုန် လုပ်ရမယ်။ နောက်ပြီး မိုခါကြောင့် ဘုရားကျောင်းပေါ်က ခေါင်မိုးစောင်းသွားလို့ တစ်ခုလုံးကို ပြန်ဖြိုပြီးပြင်ရအုံးမယ်”ဟု ပြောသည်။

အဆိုပါမဟာမုနိဘုရားသိမ်တော်တစ်ခုလုံးနှင့် အာရုံခံတန်ဆောင်းများကို မြောက်ဦးဆရာတော်ကြီး အရှင်ဝါယာမိန္ဒ ဦးဆောင်ကာ တပည့်တကာ၊ တကာမများ၏ ထည့်ဝင်အလှူငွေကျပ်သိန်းပေါင်း ၅ သောင်းခန့်ဖြင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ပြန်လည်ပြုပြင်နေခဲ့ခြင်းဖြစ်သည်။

အဆိုပါသိမ်ဆောင်နှင့် သိမ်ခေါင်မိုးများအပါအဝင် အာရုံခံတန်ဆောင်များနှင့် သိမ်တိုင်များမှာ နှစ်ပေါင်း ၃ဝ ခန့်အကြာ ကတည်ဆောက်ခဲ့သည့် အတွက် လက်ရှိတွင် ယိုယွင်းပျက်စီးလာနေပြီသည့်အတွက် ဘုရားဖူးခရီးသည်များ အန္တရာယ်မဖြစ်စေရန် ယခုကဲ့သို့ ပြန်လည်ပြုပြင် မွမ်းမံနေခြင်းဖြစ်သည်ဟု သိရသည်။




ယင်းသို့ ပြန်လည်ပြုပြင်ရာတွင် မဟာမုနိဘုရားဂန္ဓာကုဋီတိုက်ရှိသိမ်တိုင် ၄၈ လုံးကို ရခိုင်တို့၏ ဓညဝတီခေတ်တွင် ဘုရင်စန္ဒသူရိယမင်းအား မြတ်စွာဘုရားရှင်က တရားဟောနေပုံအပါအဝင် ရုပ်ကြွများကို ကျောက်ဆစ်လက်ရာများနှင့် ပန်းကနုတ်များဖြင့် တခမ်းတနားပုံဖော် ပြုပြင်နေခြင်း ဖြစ်ပြီး ကျန်အာရုံခံတန်ဆောင်း ၄ ခုရှိတိုင်များကိုမူ ကွန်ကရစ်တိုင်အဖြစ် ပြုပြင်နေခြင်းဖြစ်သည်။

အလားတူ မဟာမုနိဘုရားသိမ် ပင်မခေါင်မိုးကိုလည်း ရွှေရောင်စတီးပြား ခေါင်မိုးများအဖြစ် ပြောင်းလဲမိုးပေးသွားမည် ဖြစ်သည်

ယင်းအပြင် မဟာမုနိဘုရားဂန္ဓာကုဋီတိုက်အတွက် စစ်တွေမြို့မှ လောပန်းကိုယ်တော်(ခေါ်) ဦးအောင်ကျော်လင်းကလှူဒါန်းထားသည့် ကျောက်စိမ်းပြားများကိုခင်းသွားမည်ဖြစ်သလို ဂန္ဓာကုဋီတိုက်အပြင်ဘက်မှ အာရုံခံတန်စောင်း ၄ ခုအတွက် ဖားကန့်မြို့ရှိ ရခိုင်လောပန်းများနှင့် အခြားတိုင်းရင်းသားလောပန်းများ စုပေါင်းလှူဒါန်းထားသည့် ကျောက်စိမ်းပြားများကိုလည်း ခင်းပေးသွားမည်ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် လုပ်ငန်းအားလုံး ပြီးပြတ်ရန် နောက်ထပ် ကျပ်သိန်း ၂ သောင်းခန့် လိုအပ်နေသေးကြောင်းလည်း သိရသည်။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများ၊ မိုခါမုန်တိုင်းတိုက်ခိုက်ခဲ့ခြင်းနှင့် ခရီးသွားလာရေး စရိတ်မြင့်မားလာခြင်းတို့ကြောင့် ဒေသအတွင်းတွင် ဘုရားဖူး‌မြော်သူ နည်းပါးလာကြောင်းလည်း မဟာမုနိဘုရားဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။



“ဒီနှစ် မြို့ဘက်ရော၊ နယ်ဝေးဘုရားဖူးဧည့်သည်တွေရော ရောက်တာ နည်းသွားတယ်။ မြို့ပေါ်ကလူတွေ နယ်ဝေးကလာတဲ့လူက လှူကြတယ်။ အလှူငွေနည်းတော့ ဘုရားပြုပြင်ရာမှာလည်း ကြန့်ကြာ နေတယ်ပေါ့နော်။ အားလုံးအပြီးအစီးဆို ကျပ်သိန်းပေါင်း ရှစ်သောင်းလောက်ကုန်မယ်လို့ ပြောတယ်”ဟုပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သွားရောက်လည်ပတ်ချင်စရာအကောင်းဆုံးဒေသ ၁ဝ ခုကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မကြာသေးခင်က ကြေညာခဲ့ရာတွင်လည်း လာရောက်လည်ပတ်သူများသည့်  ကျောက်တော်ရှိ တန်ခိုးကြီးမဟာမုနိဘုရားအပါအဝင် ရခိုင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြောက်ဦးဒေသတို့ ပါဝင်ခဲ့ခြင်းမရှိဘဲ ချန်လှပ်ခံခဲ့ရသည်။ (NN-11)

 

ဆက်စပ် သတင်းများ