အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော်တွင် စိတ်မနှံ့သည့် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

(ကျူးလွန်သူအား AA က ဖမ်းဆီးထား)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာတွင် စိတ်မနှံ့သည့် မိန်းကလေးတစ်ဦးအဓမ္မ ပြုကျင့်ခံရပြီး ကျူးလွန်သူကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ ပြုကျင့်ခံရသည့် မိန်းကလေးနှင့် တစ်အိမ်ခြားတွင် နေထိုင်သည့် ဦးညီလှမောင် (၆၆)နှစ်ဖြစ်ကြောင်း သိရသည်။

သူသည် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်က လိပ်မကျေးရွာမှ စိတ်မနှံ့သူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအား နေအိမ်အတွင်း မိသားစုဝင်များမရှိချိန် အဓမ္မကျူးလွန်ခဲ့သည်ဟု သိရသည်။

 

လိပ်မကျေးရွာမှ ရပ်မိရပ်ဖ ဦးမောင်စောသိန်းက "ကလေးမက အဲ့ဒီအိမ်မှာ သူ့မြေးတွေနဲ့တူတူဆော့ပြီး နေ့တိုင်းလိုလို နေတာ။ သမီးက အပျိုပါ။ စကားမပြောတတ်ဘူး။ စိတ်လည်း မမှန်ဘူး။ အဲ့နေ့က အိမ်မှာတစ်ယောက်မှမရှိတုန်း ကျူးလွန်ခဲ့တယ်။ ဖြစ်တဲ့နေ့ကနေ ပြုကျင့်ခံရတဲ့အိမ်က သိတယ်။ ဒါပေမယ့် ရှက်လို့မတိုင်ရဲကြဘူး။ ဒီရက်ပိုင်းမှ ပတ်ဝန်းကျင်ကပြောတာနဲ့ တပ်တော်ကို တိုင်လိုက်တာ"ဟု နိရဥ္စရာကို ပြောသည်။

ကျူးလွန်ခံရသူမိသားစုဝင်များက ရှက်ကြောက်၍ တစ်စုံတစ်ရာတိုင်ကြားခြင်းမရှိခဲ့ဘဲ ယခုရက်ပိုင်းမှသာ AA ကို တိုင်ကြားခဲ့သည့်အတွက် AA က ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူကိုယ်တိုင်က သူကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်ဟုလည်း သူက ဆက်ပြောသည်။

ဦး‌မောင်‌စောသိန်းက "သူက ဝန်ခံတယ်။ အစက ဝန်မခံဘူး။ အထက်မှာ လိမ်လို့မရတဲ့ ပစ္စည်းတွေရှိတယ်ပြောမှ။ ကျနော့်အနေနဲ့ ဒါဟာ ကိုယ်ချင်းစာစိတ်မရှိဘူးလို့မြင်တယ်။ သူ့မှာလည်း သမီးရှိတယ်။ တရုတ်နိုင်ငံမှာရောင်းစားခံရပြီး ပြန်ရောက်တာမကြာသေးဘူး"ဟု ပြောသည်။

ရခိုင်တွင် ယခုနောက်ပိုင်း အဓမ္မကျူးလွန်မှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ယင်းအထဲတွင် စိတ်မနှံ့သူများ၊ မသန်စွမ်းသူများနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များပင် ပါဝင်လျက်ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ပေါက်တောမြို့နယ်တွင် လေဖြန်းနေသည့် အမျိုးသမီးသည် အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု သိရသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်ကလည်း ပေါက်တောမြို့နယ်၊ တောင်ပုက္ကေကျေးရွာတွင်လည်း လေဖြန်းပြီး စိတ်မနှံ့ဖြစ်နေသည့် အိမ်ထောင်မရှိသူ အသက် ၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်ကလည်း ပေါက်တောမြို့နယ်၊ သရက်ကျေးရွာတွင် ဆော့ကစားနေသည့် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အိမ်နီးချင်းဖြစ်သူက အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အလားတူ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များတွင်လည်း အဓမ္မမှုအချို့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်များအားလုံးတွင် ပြစ်မှုကျူးလွန်သူများနှင့် ကျူးလွန်သည်ဟု သံသယရှိသူများကို AA က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

ရခိုင်တွင် ယခုကဲ့သို့ အဓမ္မမှုများလာခြင်းမှာ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မဖွယ်မရာ ညစ်ညမ်း ဗီဒီယိုရုပ်သံများကြောင့် ဖြစ်လာခြင်းကြောင်း ဒေသခံများက ပြောကြသည်။ (NN-11)



ဆက်စပ် သတင်းများ