အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ကျောက်တော် ကန်စောက်အခြေစိုက် ၅၃၉ တပ်ရင်းအနီး မှည့်နေသည့် စပါးခင်းများ ရိတ်သိမ်းခွင့် တားမြစ်ထား၍ လယ်ဧကရာနှင့်ချီပြီး စပါးမရိတ်ရဖြစ်နေ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

နိရဉ္စရာ၊ နိုဝင်ဘာ ၂၈/၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်ကောင်စီ ကန်စောက်အခြေစိုက်(၅၃၉) တပ်ရင်း အနီးရှိ လယ်ကွင်းပြင်မှ ရင့်မှည့်နေသည့် စပါးများကို ပန်းဖဲချောင်းကျေးရွာသားများအား ယင်းတပ်ရင်းက ရိတ်သိမ်းခွင့်မပေးဘဲ တားမြစ်ထားသည်ဟု စုံစမ်းသိရှိရသည်။

ပန်းဖဲချောင်းကျေးရွာအရှေ့ဘက် စစ်တွေ-ရန်ကုန် ကားလမ်းမအောက်မှ ကန်စောက်အခြေစိုက် (၅၃၉)တပ်ရင်းအထိ လယ်ကွင်းပြင်ဧက စုစုပေါင်း ၁ ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။

ယင်းလယ်ဧက ၁ ထောင်ကျော်အနက် လက်ရှိတွင် လယ်ဧက ၁၀၀ နီးပါးမှာ စပါးများရင့်မှည့်နေကာ ရိတ်သိမ်းချိန်တန်နေသော်လည်း ကန်စောက်အခြေစိုက် (၅၃၉)တပ်ရင်းက ရိတ်သိမ်းခွင့် တားမြစ်နေသည်ဟု ဒေသခံများက ပြောသည်။

"အခုရိတ်သိမ်းချိန်တန်နေတဲ့ စပါးခင်းတွေရော၊ ရိတ်သိမ်းချိန်မတန်သေးတဲ့ စပါးခင်းတွေကိုရော သွားလာလို့မရဘူး။ အဲ့ဒီတပ်နဲ့နီးတဲ့ကွင်းပြင်တစ်ခုလုံး ရိတ်သိမ်းခွင့်မရတော့ပါဘူး။ ရွာနားနဲ့ ယိုးချောင်းတံတားဦးက စပါးလောက်ပဲ ရိတ်ရတယ်။ တပ်နဲ့နီးတဲ့ တချို့စပါးတွေကလည်း အကုန်ရိတ်သိမ်းချိန်တန်နေပြီ။ ၅၃၉ တပ်ကနေ စပါးရိတ်သိမ်းခွင့်မပေးတော့ ဘယ်သူမှ မရိတ်သိမ်းရဲကြဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုဖြစ်ပွားနေသည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက လက်ဖြင့်ရိတ်သိမ်းထားသည့် လယ်သမားများ၏ စပါးကောက်လှိုင်းများကို ယနေ့နိုဝင်ဘာလ ၂၈ ရက်၊ မနက်ပိုင်းကပြောင်းရွေ့ သယ်ယူရန်သွားရာ၌ ၅၃၉ တပ်ရင်းက သေနတ်များဖြင့် လှမ်းပစ်ခတ်သည့် အတွက် လယ်သမားများမှာ ထွက်ပြေးလာကြရသည်ဟု သိရသည်။

ယင်းအပြင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊  မနက်ပိုင်းကလည်း ပန်းဖဲချောင်း ကျေးရွာသားတစ်ဦးမှာ ရိတ်သိမ်းချိန်တန်နေသည့် စပါးများကို စက်ဖြင့် ရိတ်သိမ်းရန်အတွက် လယ်ကွင်းပြင်၌ ရေများရှိနေ၍ ရေဖောက်ရန်နှင့် စပါးရိတ်စက်ဝင်ရန် ကန်သင်းပေါက်များဖောက်လုပ်ရန်သွားသည်ကို ၅၃၉ တပ်ရင်း သေနတ်ဖြင့်လှမ်းပစ်ခတ်သည့်အတွက် ထွက်ပြေးလာခဲ့ရသည်ဟု သိရသည်။

"လက်နဲ့ရိတ်ထားတဲ့ စပါးကောက်လှိုင်းတွေကိုလည်းမပြောင်းရဘူး။ စက်နဲ့မရိတ်သိမ်းရဘူးဆိုရင်တောင်မှ လက်နဲ့ရိတ်ခွင့်ပေးစေချင်တယ်။ အခုက သေနတ်နဲ့လှမ်းပစ်တယ်။ ကျွန်တော်တို့လယ်သမားတွေမှာက အရင်းအနှီးတွေအများကြီး အကုန်အကျခံပြီး စိုက်ပျိုးထားတဲ့ ကိုယ့်စပါးကို ရိတ်သိမ်းချင်ကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ပန်းဖဲချောင်းကျေးရွာသားများမှာ မိုးရာသီစပါးများစတင်စိုက်ပျိုးချိန်က ၅၃၉ တပ်ရင်းနှင့် ကပ်လျက်ရှိသည့် လယ်ကွင်းများသာမက ယင်းလယ်ကွင်းပြင် တစ်ခုလုံးကို ထွန်ယက်စိုက်ပျိုးခွင့်ရရှိခဲ့သည်ဟု သိရသည်။

ရခိုင်ရှိ မြို့နယ်အချို့တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ယင်းနေ့မှစတင်ကာ စစ်ကောင်စီက တစ်ပြည်လုံးအနှံ့ရှိ ကုန်းလမ်းနှင့် ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသည်။

ယင်းသို့ပိတ်ထား၍ စပါးရိတ်သိမ်းရတော့မည့်လယ်သမားများတွင် စက်သုံးဆီများကို ဝယ်ယူမရတော့သည့်အတွက် အလွန်တရာ အခက်အခဲဖြစ်ပေါ်လျက်ရှိသည်ဟုလည်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ