- Web Master
- ၀၉ အောက်တိုဘာ ၂၀၂၄
တိုက်ပွဲအပြင်းအထန်ဖြစ်နေသည့် ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဗျူဟာကွပ်ကဲမှုဌာနချုပ် (ဒေသအခေါ်) ကျောက်တော်တပ်မသို့ ကုလားတန်မြစ်ကြောင်း အတိုင်း စစ်ကူသွားသည့် စစ်ကောင်စီရေတပ်နေဗီ (၂)စီးသည် ရက္ခိုင်တပ်တော် ( AA) က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ နောက်ကြောင်း ပြန်လှည့်သွားခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းအချိန်တွင် စစ်တွေမှ ကျောက်တော်တပ်မသို့ စစ်ကူလာသည့် ဇက်နေဗီ နှစ်စီးအား ကျောက်တော်မြို့နယ်၊ နဂူမေကျေးရွာအနီးတွင် အေအေက ကြားဖြတ် တိုက်ခိုက်ရာ လက်နက်ကြီး (၂) လုံးထိမှန်၍ နေဗီများ ပြန်လှည့်သွားရကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
"အဲ့ဒီနေဗီတွေက တပ်မမှာ ပိတ်မိနေတဲ့ တပ်မမှူးနဲ့ တပ်သားတွေကို စစ်ကူသွားတာ ဖြစ်တယ်။ ကျောက်တော်မှာ တပ်မ တစ်ကွက်လေးပဲကျန်တော့တာ။ အေအေကလည်း စစ်ကူအရောက်မခံဘဲ ပစ်ချတာပါ။ နေဗီတွေကို နှစ်လုံးထိတယ်။ အရင်ကလည်း နေဗီကိုပစ်လို့ထိတာတွေရှိဖူးတယ်
အဆိုပါ ဇက်နေဗီနှစ်စီးသည် နဂူမေကျေးရွာအလွန် ဒုက္ကံချောင်းအနီးမှ ပြန်လှည့်သွားကြောင်း သိရသည်။
ဇက်နေဗီများ ထိခိုက်သွားသည့်အတွက် အနီးအနားကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"အပစ်ခံရပြီးတော့ နေဗီတွေက လက်နက်ကြီးတွေဆက်တိုက်ပဲပစ်တာ။ ကျောက်တော် အထိတော့ သူတို့မတက်နိုင်ကြတော့ဘဲ တောက်လျှောက်ပစ်ပြီး ဒုက္ကံချောင်းကနေစစ်တွေဘက်ကို ပြန်ဆင်းသွားတယ်။ လက်နက်ကြီးတွေကတော့ ဘယ်ရွာတွေကို သွားထိလဲမသိရသေးဘူး"ဟု ပြောသည်။
ကျောက်တော်မြို့ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၄) (၃၇၅) နှင့် (၃၇၆) တပ်ရင်း” ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့် အတွက် လက်ရှိမှာ ကျောက်တော် မြို့နယ်တွင် စကခ (၉) တပ်မတစ်ခုသာ ကျန်ရှိတော့ပြီး ၎င်းတပ်မကိုလည်း အေအေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ (NN-7) (ဓာတ်ပုံ - ပုံဟောင်း)